Monday, January 30, 2012

အခန်းဆက် အိပ်မက်ရှည်.....


အိပ်မက်ဆိုတာ.....
တကယ်တော့
မသိစိတ်က......
ဌားဖတ်တဲ့ ရုပ်ပြစာအုပ်လိုပါပဲ။

ညက ဌားဖတ်ပြီး
မနက်ကျတော့.....
ဆိုင်ကို ပြန်ပို့လိုက်ရတယ်။

မသိစိတ်က အဲ့ဒီစာအုပ်
ကောင်းတယ်ပြောတော့...
သိစိတ်က ဖတ်ချင်လာတယ်။

ဒါပေမယ့်...
... စာအုပ်ဆိုင်
ဘယ်မှာမှန်းမသိတော့.....????
ခက်လှတယ်လေ။

ဖတ်ချင်လွန်းလို့
လိုက်ရှာဖတ်ကြည့်တော့လည်း
သောက်လေ သောက်လေ...
ငတ်မပြေတဲ့
အခန်းဆက် ဇာတ်လမ်းရှည်လိုပဲ...။

မသိစိတ်က စိတ်ကောက်ပြီး
သိစိတ်နဲ့ ချော့ခိုင်းတာတော့
ခက်လွန်းလှတယ်..... ချစ်သူရယ်။

Sunday, January 29, 2012

လေးလွှာ

လှေကားတွေသည် အတော် စိတ်ဝင်စားဖို့ ကောင်းသော အရာတွေမှန်း သူသိလိုက်ချိန်တွင် သူ လှေကား၏ ဒုတိယထစ်ကို ရောက်နေပြီဖြစ်သည်။ သစ်သားလှေကား အိုအိုကြီးက မူရင်း အရောင်အသွေး ဘာမှမရှိတော့။ နှစ်အဆက်ဆက် ( ခေတ်အဆက်ဆက် ဆိုလျှင် ပိုမှန်ပါလိမ့်မည် ) တင်ရှိခဲ့သော အမှိုက်သရိုက်ချေးညှော်များဖြင့် လှေကားထစ်များက ညစ်ထေးနေသည်။ သည်လှေကားထစ်တွေ အပေါ် ဖြတ်သန်းခဲ့တာ အခုလောက်ဆို လူဘယ်နှစ်ယောက်လောက် ရှိနေမလဲမသိ။ သူကကော ဘယ်နှစ်ယောက်မြောက်ပါလိမ့်။ သူမသိသော်လည်း လှေကားထစ်ကလေးတွေ ကတော့ ကောင်းကောင်းသိပါ လိမ့်မည်။ ပထမဆုံး သူတို့အပေါ် နင်းဖြတ်သွားခဲ့သူမှ ယခုနောက်ဆုံး နင်းဖြတ်နေသူ သူ အထိ လူတွေရဲ့ အကြောင်း ကောင်းကောင်း သိနေပါလိမ့်မည်။ သူတွေးနေရင်းနှင့် လှေကားတဆစ်ချိုးသို့ ရောက်လာသည်။ သည်တိုက်ကြီး ဘယ်တုန်းက ဆောက်ခဲ့ပါလိမ့်။ ကိုလိုနီခေတ်ကတည်းကဟု သူထင်သည်။ အန္တရာယ်ရှိသော အဆောက်အဦးပင် ဖြစ်လုနီးပြီလား မသိ။ ဘာပဲပြောပြော သည်လှေကားတွေ အပေါ်တော့ နေ့စဉ် လူတွေ ဆင်းနေတက်နေကြဆဲဖြစ်သည်။ လှေကားတလျှောက် ပျံ့လွင့်နေသော အောက်သိုးသိုး ဘယ်လိုခေါ်ရမှန်းမသိသည့် အနံ့တစ်မျိုးကို သူ ရှူရင်း နောက်လှေကား တစ်ဆစ်ဆီ တက်လာမိပြန်သည်။ လှေကားထိပ်ဘက် တိုက်မျက်နှာစာနံရံတွင် ဖောက်ထားသော ပြတင်းပေါက်မှတစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ကို သူလှမ်းမြင်နေရသည်။ တိုက်နံရံတွင် တွယ်ကပ်နေသော ဘာအပင်အမျိုးအစားတွေမှန်း သူတစ်သက်လုံး မသိခဲ့သည့် အပင်စိမ်းစိမ်းစိုစို ကလေးတွေကိုပင် သူမြင်နေရသည်။ သူ ဘာကြောင့် ထိုအပင်ကလေးတွေ၏ အမျိုးအမည်ကို မသိခဲ့ရပါလိမ့်။ နှစ်သုံးဆယ်ကျော် မြင်နေခဲ့ရသည့် အပင်ကလေးတွေ၏ အမည်နာမလေးပဲ ဖြစ်ဖြစ် သိဖို့ မကောင်းပေဘူးလား။ သူ စဉ်းစားနေရင်းနှင့် လှေကားထစ်များ အဆုံးသို့ ရောက်ရှိလာသည်။ သည်နေရာက တိုက်၏ ပထမထပ်ဖြစ်သည်။

သူ့ ဘယ်ဘက်ရှိအခန်းကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ သစ်သားတံခါး ညိုညိုညစ်ညစ် ကြီးက မလှုပ်မချောက်။ ညာဘက်ကတော့ ဟိုးလွန်လေပြီးသော နှစ်များစွာကတည်းက ဖွင့်လှစ်ထားခဲ့ဟန် ရှိသည့် ဓာတ်ပုံဆိုင်တစ်ဆိုင် ဖြစ်သည်။ သူ အထဲကို လှမ်းကြည့်လိုက်တော့ ချေးညှော်တွေ စွန်းထင်းနေ သော ဖန်ပြားခင်းထားသည့် စားပွဲတစ်လုံး နောက်တွင် လူဝကြီးတစ်ဦးထိုင်၍ သတင်းစာဖတ်နေသည်။ စားပွဲပေါ်တွင် သောက်ပြီးတာ အတော်ကြာပြီဖြစ်ဟန် ရှိသည့် လက်ဖက်ရည်ခွက် သုံးလေးခွက်ကို သူတွေ့ရသည်။ နောက် ဘောလုံးဂျာနယ်တစ်စောင်ကို ဖိထားသော စိမ်းပြာပြာ စက္ကူဖိသည့် ဖန်လုံးကြီး တစ်လုံး။ သူငယ်ငယ်က သည်လို ဖန်လုံးမျိုးကြီးတွေကို အလွန်သဘောကျသည်။ အဖိုးတန် ကျောက်မျက်လုံးကြီးတစ်လုံးလို သူ ထင်ခဲ့တာကိုလဲ သူသွားသတိရမိပြန်သည်။ ဆားပုလင်းနှင်းမောင် ဝတ္ထုများထဲမှအတိုင်း ဆိုလျှင်တော့ ထိုလူဝကြီးသည် ဂျူးအဖိုးကြီးတစ်ဦး ဖြစ်နေလိမ့်မည်။ တရုတ်အဖိုးကြီး တစ်ယောက်လဲ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အချက်အပြုတ် ကျွမ်းကျင်ကောင်းလဲ ကျွမ်းကျင်နိုင်သည်။ ဒဿနဆန်ဆန် စကားတစ်ခွန်းတလေလောက်နှင့် သူ့ကို နှုတ်ဆက်ကောင်းလဲ နှုတ်ဆက်နိုင်သည်။ သို့သော် လူဝကြီးက လူဝကြီးပဲ ဖြစ်နေပြီး သတင်းစာကို စူးစူးစိုက်စိုက် ဖတ်နေတာကို သူတွေ့ရသည်။ ဓာတ်ပုံဆိုင်ထဲမှ အရာအားလုံးကတော့ တစ်ခုနှင့်တစ်ခု သဟဇာတ ဖြစ်နေသည်။ အားလုံး ဟောင်းဟောင်းနွမ်းနွမ်း ခြောက်ခြောက်သွေ့သွေ့။ မလျှော်တာ ကြာပြီ ဖြစ်ဟန်ရှိသည့် ခန်းဆီးကြီးနှစ်စက မူရင်းဘာအရောင်မှန်းပင် ခွဲရန်မလွယ်တော့။ အဖြူလား အဝါလား တစ်ခုခုတော့ ဖြစ်မည်ထင်သည်။ နံရံတွင်တော့ ရှေးကရိုက်သွားခဲ့သော အဖြူအမည်း ဓာတ်ပုံတွေကို ချိတ်ဆွဲထားသည်။ နှစ်တွေ အတော်ကြာလှတော့မည်။ ဓာတ်ပုံထဲက ဘွဲ့ဝတ်စုံနှင့် ငယ်ငယ်ချောချော အမျိုးသမီးကလေး၏ ပုံကို သူ အဝမှ တွေ့နေရသည်။ အခုဆို အသက်အတော်ကြီးရောပေါ့။ ဓာတ်ပုံသည် ဘယ်တော့မှမညာ ဟူသော သိုးဆောင်းစကားပုံတစ်ခုကို သူ သတိရမိပြန်သည်။ ဘာပဲပြောပြော လောလောဆယ် အခြေအနေ တွင်တော့ ဓာတ်ပုံကို ဓာတ်ပုံအတိုင်း တွေ့ရတာပဲ ကောင်းပါလိမ့်မည်။ ဟိုအရင်ခေတ်က ဓာတ်ပုံရိုက်ကူးခဲ့ သည့် ကင်မရာကြီးကိုလဲ အဝတ်မည်းမည်းကြီးနှင့် အုပ်ထားတာ သူတွေ့ရသည်။ နံရံတွေပေါ်မှာတော့ ပင့်ကူမျှင်အချို့။ ဒီပင့်ကူမျှင်တွေကတော့ လတ်လတ်ဆတ်ဆတ် ပင့်ကူမျှင်တွေ ဖြစ်နေပြန်သည်။ သူ ကြည့်နေတာ နည်းနည်းကြာသွားသလား မသိ။ လူဝကြီးက သတင်းစာဖတ်နေရာမှ ခေါင်းထောင်၍ သူ့ကို လှမ်းကြည့်သည်။ လူဝကြီး၏ အကြည့်ကို သူလွှဲဖယ်လိုက်ရင်း နောက် လှေကားတစ်ဆစ်ချိုးဆီ တက်လာခဲ့သည်။

သည်တစ်ခါတော့ သူ့အကြည့်က လှေကားဘေးရှိ သစ်သားနံရံပေါ်သို့ ရောက်သွားသည်။ နံရံညစ်ညစ် ပေါ်တွင်တော့ မြေဖြူနှင့် ရေးထားသော စာသားများ။ တချို့စာသားတွေက ကလေးတွေ ရေးထားဟန် ရှိသည့် ပေါက်ကရစာသားတွေ (တကယ်ပေါက်ကရ ဟုတ်မဟုတ်တော့ သူလဲ သေချာမသိပါ)။ သူငယ်ငယ်က အိမ်သာနံရံများတွင် တွေ့လေ့တွေ့ထ ရှိခဲ့သော ကတ်ကြေးပုံတစ်ပုံကိုလဲ သူတွေ့ရပြန်သည် ။ ဒါကိုလဲ ပန်းချီစာရင်းထဲ ထည့်လျှင်ကောင်းမလား သူ စဉ်းစားရင်း ပြုံးမိသည်။ သူ နံရံပေါ် စေ့ငုနေစဉ် တွင် အပေါ်မှ ဆင်းလာဟန်ရှိသော ခြေသံကို ကြားလိုက်ရသည်။ ရုပ်ရှင်တွေထဲမှာဆိုလျှင်တော့ မင်းသမီး ဖြစ်ဖို့ရှိပါသည်။ သူနှင့် ဝင်တိုက်ကောင်း ဝင်တိုက်မည်။ ဘုဘောက်ကျကောင်းကျမည်။ ဒါမှမဟုတ် လက်ကိုင်ပုဝါလေးပဲဖြစ်ဖြစ် သူ့ဘေးတွင် ကျနေခဲ့မည်။ သို့သော် ရုပ်ရှင်မဟုတ်သောကြောင့် ဆင်းလာသူမှာ အဖွားကြီးတစ်ယောက် ဖြစ်နေတာကို သူ စိတ်ပျက်စဖွယ် တွေ့ရလေသည်။ သူ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို မလိုအပ်ပါဘဲနှင့် ထပ်မံထုတ်ကြည့်ရင်း လှေကားပေါ်သို့ ဆက်တက်ခဲ့သည်။ လှေကားထစ်တွေဆီက ထွက်ပေါ်လာသော တဗျတ်ဗျတ်နှင့် သူ့ခြေသံမှ လွဲ၍ အားလုံး တိတ်ဆိတ်နေသည်။

လှေကားထိပ်ပြတင်းပေါက်မှ အရောင်ကြောင့် သည်လှေကားတစ်ဆစ်ချိုးမှာတော့ လင်းနေပြန်သည်။ သူ အပေါ်ကို မော့ကြည့်လိုက်တော့ ကျူရှင်ဆိုင်းဘုတ် တစ်ခုကို တွေ့လိုက်ရသည်။ ဆိုင်းဘုတ်က ပြတင်း၏ တပိုင်းအစကို ကွယ်နေသည်။ ရေးထားသည့် ဆေးသားတို့ပင် ပြယ်စပြုပြီ။ သုံးလပြတ် အင်္ဂလိပ်စကား ပြောဆိုပါလား။ သူတက်လာရင်း လှေကားထိပ်ရောက်တော့ ပွင့်နေသော ဘယ်ဘက်ရှိ ကျူရှင်ရှိရာ အခန်းကို လှမ်းကြည့်မိသည်။ အခန်းထဲတွင် ဘယ်သူမှမရှိ။ သူ ငယ်ငယ်က ကျောင်းတွင် ထိုင်ခဲ့ရသော ခုံတွေပုံစံမျိုး ခုံတန်းရှည် သုံးလေးခုက မညီမညာ စောင်းရွဲ့နေကြသည်။ နံရံပေါ်တွင်တော့ ကျောက်သင်ပုန်း တစ်ချပ်။ သည်တိုက်ရှိ အရာအားလုံးက တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေပါလား။ သူ စဉ်းစားနေရင်း ငယ်ငယ်တုန်းက တက်ခဲ့ရသော မူလတန်းကျောင်းကလေးကို လွမ်းလာသည်။ စိုထိုင်းထိုင်း ကျောင်းစာသင်ခုံကလေးတွေကို သတိရလာသည်။ တလောကပဲ သူ့မူလတန်းဆရာမ တစ်ယောက်၏ နာရေးကြေညာ သတင်းစာထဲ တွေ့လိုက်ရသေးသည် ( ထိုဆရာမမှာ သူနေသော လမ်းနှင့် ကပ်လျက်လမ်းတွင် နေသူမို့ သူယခုထိ သိနေခြင်းဖြစ်ပါသည်) ။ ရုတ်တရက် လေးလံထိုင်းမှိုင်းသွားသော စိတ်နှင့် သူ ညာဘက်ကို ချိုးကွေ့လိုက်သည်။ ညာဘက်ကတော့ လူနေခန်းပဲ ဖြစ်ဟန်တူသည်။ အခန်းဝ တွင်တော့ ယခုခေတ်တွင် တွေ့လေ့တွေ့ထ မရှိတော့သည့် စာတိုက်ပုံးသေးသေးကလေး တစ်ခု ကို တွေ့ရသည်။ စာတိုက်ပုံးပေါ်တွင်တော့ အိမ်ရှင်၏ အမည်ဖြစ်ဟန်ရှိသည့် အမည်တစ်ခုကို ဆေးအဖြူနှင့် ရေးထားသည်။ သဝေထိုးနေရာတွင် ဆေးပျက်နေသောကြောင့် မြေဖြူနှင့် ဖြည့်စွက်ထားသည်။ သူငယ်ငယ်တုန်းကလဲ မြေဖြူတစ်ချောင်းနှင့် ထိုသို့ရေးထားသော စာတန်းများအောက်တွင် တစ်ချောင်းငင် ဝဆွဲစသည်ဖြင့် ဖြည့်စွက်နောက်ပြောင်ဖူးသည်ကို သူ ဖျတ်ခနဲ သွားသတိရလိုက်ပြန်သည် ။ အခုအချိန်တွင်တော့ သူ့မှာ နောက်ပြောင်ခွင့် မရှိတော့။ ရှိများရှိလျှင် နောက်ပြောင်ဖြစ်အောင် နောက်ပြောင်မိဦးမည် ဟု သူ တွေးမိသည်။ အတွေးထဲမျောနေသောကြောင့် အခန်းတံခါးဝတွင် ဘယ်သူ ကျခဲ့မှန်းမသိသည့် ကြက်သွန်ဖြူတစ်ဥကို သူသွားနင်းမိသည်။ သူ့ဖိနပ်တွင် ကပ်သွားသော ကြက်သွန်ဖြူ အစအနများကို သူ လှေကားထစ်နှင့်ရှပ်တိုက် ခြစ်ခွာရင်း လှေကားတစ်ဆစ်ချိုးပေါ် ထပ်တက်ခဲ့သည်။

သည်လှေကား တစ်ဆစ်ချိုး နံရံတွေကတော့ ဖုထစ်ရွတ်တွ ငှက်လင်းတသို့ ဖြစ်နေသည်။ တချို့နေရာ တွေတွင် ဓားနှင့် ဘယ်သူတွေ ထစ်ထားသည်မသိ။ တစ်နေရာတွင် “သက်ဝေနှင်းကိုချစ်တယ်” ဟူသော စာသားကို သူတွေ့ရသည်။ သည်တိုက်တစ်ခန်းခန်းတွင်များ သက်ဝေနှင်း နေနေသလားမသိ။ သက်ဝေနှင်းကို ချစ်သောသူကော သက်ဝေနှင်းအနားတွင် ရှိနေသလား မသိ။ သူတွေးရင်းနှင့် ဘာမှန်းညာမှန်း မသိဘဲနှင့် သက်ဝေနှင်းကို မြင်ဖူးချင်လာသည်။ သူ အခုနင်းနေသော လှေကားထစ်ကလေး တွေကတော့ သက်ဝေနှင်းကို သိကောင်းသိလိမ့်မည်။ သည်လှေကားထစ်ကလေး တွေအပေါ် သက်ဝေနှင်း နင်းကောင်းနင်းဖူးလိမ့်မည်။ ရောက်တတ်ရာရာတွေးနေရင်းမှ သူ မောလာသည်။ သူ တက်လာသည်မှာ သုံးလွှာမျှသာ ရှိသေးသော်လည်း ရှေးတိုက်ဖြစ်သောကြောင့် ယခုခေတ် ခြောက်လွှာလောက်နှင့် ညီမလားမသိ။ သူဖြတ်သန်းခဲ့သော နှစ်သုံးဆယ်ကျော်က ယူဆောင်လာခဲ့တာ အမောသက်သက်တွေပါလား။ လဲနေသူ ထူပေးပါ ဟုတော့ သူငယ်ငယ်က သင်ခဲ့ရဖူးသည်။ သူက ထူမည့်သူတော့ ဖြစ်ဟန်မရှိ။ ဖြစ်ချင်းဖြစ်လျှင် လဲသူသာ ဖြစ်မည်ထင်သည်။ သူ့ဆံပင်ကို သူ လက်နှင့် တစ်ချက်သပ်လိုက်ပြီး ဆက်တက်ခဲ့သည်။

နောက်လှေကား တစ်ဆစ်ချိုးကို သူတက်လာတော့ လှေကားထိပ်ရှိ ပြတင်းပေါက်မှ တစ်ဆင့် မျက်နှာချင်းဆိုင် တိုက်ဝရန်တာတွင် ထွက်၍ ဖုန်းပြောနေသော ကောင်မလေး တစ်ယောက်ကို လှမ်းမြင်ရသည်။ သည်တော့မှ သူ ယခုထိ လက်ကိုင်ဖုန်း တစ်လုံးမှ မပိုင်ဆိုင်ဖူးသေးတာ သတိရလာ သည်။ သူ ငယ်ငယ်တုန်းက လက်ကိုင်ဖုန်းတွေ မရှိ။ သူ ကြားပင်မကြားစဖူး။ တွေးပင်မတွေးစဖူး။ ယခု ရှိလာတော့လည်း သူ မပိုင်ဆိုင်ဖူးသေး။ ရုပ်ကလွဲ၍ အရာအတော်များများ သူ ငယ်ငယ်တုန်းကလိုပင် ဖြစ်နေသေးကြောင်း သူ သတိရ၍ ပြုံးမိသည်။ ဟိုလွန်ခဲ့သော ဆယ်စုနှစ်တစ်ခု ခန့်က ထီပေါက်လျှင် သူ့ကို လက်ကိုင်ဖုန်းအရင် ဝယ်ပေးမယ်ဟု အဖမ်းရခက်သော သူ့ကို ပြောခဲ့သော ဘဝ၏ ရှားရှားပါးပါး တစ်ယောက်သော ချစ်သူကို သူ ရုတ်တရက် ပြေးမြင်မိသည်။ သူတို့ ကွဲကွာခဲ့တာပင် လေးနှစ်ကျော် ငါးနှစ် ချဉ်းခဲ့ပြီ။ ဒီအချိန် ဘာတွေလုပ်နေပါလိမ့်။ သူကတော့ လောလောလတ်လတ် သစ်သားလှေကား ပြားပြားကြီးများ ပေါ်တွင် ရောက်နေသည်။ တွေးနေရင်းနှင့် သုံးလွှာသို့ ရောက်မှန်းမသိ ရောက်သွားခဲ့သည်။ သုံးလွှာတွင်တော့ ပကတိဆိတ်ငြိမ်နေသည်။ ဘာဆိုဘာမျှမရှိ။ ဘယ်ဘက်ခန်းက သော့ခတ်ထားသည်။ ညာဘက်ခန်း တံခါးဝတွင်တော့ “တောကြက်ဥရမည်” ဟူသော စာတန်းရေးထားတာ သူတွေ့ရသည်။ ခုမှပဲ တောကြက်ဥ သူတစ်ခါမှ မသောက်ဖူးတာ သတိရလာ ပြန်သည်။ အသက်သုံးဆယ်မကျော်ခင် လုပ်ရမည့်အချက်များ ဆိုသည့် နီတိယောင်ယောင် ဘာယောင်ယောင် စာတစ်အုပ်ထဲတွင်တော့ တောကြက်ဥသောက်ရန် ပါဝင်မည်မထင်။ ဘာပဲပြောပြော တောကြက်ဥသောက်ရန် နှင့် လက်ကိုင်ဖုန်း ကိုင်ရန် သူ ကြိုးစားကြည့်ဦးမည် ဟု စိတ်ကူးရသည်။

လှေကားကို ထပ်မံတစ်ဆစ်မချိုးခင် သူ သူ့ကိုယ်သူ အနည်းငယ် သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ပြုပြင်လိုက်သည်။ ပုဆိုးကို ပြင်ဝတ်လိုက်သည်။ပေါက်နေသည့် အပေါက်ကို အထဲသို့ သေချာရောက်ရန် ထည့်ဝတ်လိုက်သည်။ ဖြုတ်ထားသော အင်္ကျီ အပေါ်ကြယ်သီးကို ပြန်တပ်လိုက်သည်။ ပိုက်ဆံအိတ်ကို ခါးကြားသို့ ကျကျနန ထိုးထည့်လိုက်သည်။ အိတ်ထဲမှ လိပ်စာရေးထားသော စာရွက်ကလေးကို ထပ်မံထုတ်ကြည့်သည်။ ထို့နောက် လှေကားပေါ်သို့ သူ တက်လာသည်။ သည်လှေကားမှာတော့ ဘာမှထူးထူးခြားခြား သူမတွေ့တော့။ နောက်တစ်ဆစ်ချိုး၍ သူ ဆက်တက်ခဲ့သည်။ လေးလွှာသို့ သူရောက်တော့ ဘယ်ဘက်အခန်းရှေ့တွင် ရပ်လိုက်မိသည်။ ညာဘက်အခန်းဘက်သို့ သူ မလုံမလဲ တစ်ချက်ကြည့်ပြီးမှ တံခါးခေါက်လိုက်ရသည်။ တံခါးအပွင့်ကိုစောင့်ရင်း ပါးစပ်ဟ၍ သူ အသက်ရှူနေမိ သည်။ အမောမပြေခင်တွင်ပင် တံခါးဘေးက ချောင်းကြည့်ပေါက်ကလေးက အရင်ပွင့်လာသည်။ ထုံးစံအတိုင်း ပြောနေကျ စကားတစ်ခွန်းကို သူပြောလိုက်တော့ ချောင်းကြည့်ပေါက်ကလေး ပြန်ပိတ်သွားပြီး တံခါးက ရုတ်တရက်ပွင့်သွားသည်။ သူ့ ရှေ့တွင် လိုတာထက် ပိုမိုခြယ်သထားဟန်ရှိသော အမျိုးသမီးရွယ်ရွယ် တစ်ဦးရပ်နေသည်။ ကိုယ်ကိုရို့ပေးလိုက်သော ထိုအမျိုးသမီး ရှေ့မှ သူ အခန်းထဲသို့ ဝင်ဝင်ချင်းတွင်ပင် ပြဒါးတွေကွာနေသည့် မှန်တစ်ချပ်ကို လှမ်းတွေ့လိုက်ရသည်။ မှန်ထဲတွင် မြင်ရသော သူ့မျက်နှာသည် လိုအပ်တာထက် ပိုမို အဆီပြန်နေလေသည်။

ညိုထက်ညို
စပ်မိစပ်ရာ

Friday, January 27, 2012

ပျောက်ကွယ်လုဆဲ အလင်းများ တဖန်ပြန်တောက်ပချိန်


မှောင်ရီဖြိုးဖြိုးနဲ့ အလင်းမဲ့
ပျိုပျက်နေတဲ့ အမေ့အိမ်....
ယိုင်နဲ့ပြိုလဲနေရာမှ
တခါပြန်လည် နိုးထတော့မည်။

ဟိုနေရာ ဒီနေရာနဲ့
ကျဲပြန့်ခွဲထွက်နေတဲ့
အမေ့သားတွေ
အမေ့အိမ်.... ပြန်တည်ဆောက်ဖို့
မနက်ခင်းရဲ့ အလင်းတွေနဲ့အတူ
အမေ.... တို့ကို ကြိုနေတော့မည်။

မိတ်ဟောင်း ဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန် ကျေးဇူးရှိသူများ....
အလိုရှိသည်။

လှည်းဘီး နွံထဲနှစ်နေသည်။
ကူ၍တွန်းပေးကြပါ။
ပြိုင်တူတွန်းလျှင်
ရွှေ့နိုင်ပါသည်။
သင်ပုန်းကြီးထဲက ဒီ...ဖတ်စာ
အခုတော့ တကယ်လိုအပ်လာပြီ။

အမှန်တကယ်ဆိုရင်....
ကျောက်သင်ပုန်းနဲ့ယက်လုပ်ထားတဲ့ အမိုးကြားမှ
ပျောက်ကွယ်လုဆဲ.... အလင်းများ...
 တဖန်ပြန်လည်
တောက်ပလာချိန်ဖြစ်သည်။

ချမ်းဧအိမ်

Tuesday, January 24, 2012

??????

ဘော်ဘော်များခင်ဗျား......

အကူအညီတစ်ခုတောင်းချင်လို့ပါ။

မနေ့ညက ကျွန်တော့်တို့အိမ်နားက ဈေးထဲမှာ ကျွန်တော်တို့ငယ်ငယ်တုန်းက ဆော့တဲ့ ဂျုံနဲ့လုပ်တဲ့အရုပ်ကလေးတွေ ရောင်းတဲ့သူတစ်ယောက်ကို တွေ့ပြီးတော့ ကျွန်တော့်မှာ အိုင်ဒီယာတစ်ခုရထားတယ်။ သိတယ်မှတ်လား။ ဂျုံနဲ့ကွာ ကြက်ဖရုပ်ကလေးတွေ၊ နင်ဂျာအရုပ်တွေလုပ်ပြီး အောက်တုတ်ကလေးနဲ့ထိုးပြီး လုပ်တာလေ။ အဲဒါကိုကြည့်ပြီး အိုင်ဒီယာရလို့ပါ။ ကျွန်တော်တို့ CNN ကနေကြည့်နေကြ အစီအစဉ်တစ်ခုရှိတယ်။ Life at the Edge ဆိုတာ။ သူတို့နေထိုင်လုပ်ကိုင်နေရတဲ့ ပရောဖက်ရှင်နယ်တွေက တဖြည်းဖြည်းလူသုံးနည်းလာပြီးတော့ သူတို့ဘဝက ခြိမ်းခြောက်ခံနေရတဲ့ အနေအထားမျိုးဖြစ်လာတာမျိုးတွေကို ရိုက်ပြတဲ့အစီအစဉ်လေးပါ။ ကျွန်တော်က အဲဒီအရုပ်လုပ်တဲ့သူကို ကြည့်ပြီးအဲဒါမျိုးလေးလုပ်ချင်လာတယ်။ သူတို့ကျေးဇူးတွေ ကျွန်တော်တို့မှာအများကြီးရှိတယ်။ အဲဒီအရုပ်လေးတွေ ကျွန်တော်တို့အများကြီးဝယ်ဖူးတယ်။ အကော်ဒီယံကိုစက္ကူတွေကို ခေါက်ထားတဲ့ အစွန်းနှစ်ဖက်မှာတော့ ဂစ်တာပုံလေးနဲ့ ဟာလေးကော မှတ်မိကြလား။ ပန်းသီးတို့၊ ဘောလုံးတို့ လုပ်လို့ရတယ်ကွာ။ အဲဒါကိုဟိုခေါက်ဒီခေါက်၊ ဟိုလိမ်ဒီလိမ်လုပ်လိုက်ရင်။ အဲဒီလိုကစားစရာတွေ အများကြီးဝယ်ဖူးတယ်။ အခုအချိန်မှာအဲဒါမျိုးတွေကို ပြန်မတွေ့ရတော့ဘူး။ ဒီခေတ်ကလေးတွေလည်း လုံးဝမကစားကြတော့ဘူး။ အဲဒီလိုဟာမျိုးတွေနဲ့။ နောက်ရှိသေးတယ်။ အရင်တုန်းကရထားစီးရင် ခရီးဝေးတွေ ပြောပါတယ်၊ ရေအိုးလေးတွေ ရွက်လာပြီးတော့ ရေအလှူပါ၊ ရေအလှူပါဆိုပြီးတော့ ဘူတာတွေမှာ ရေလိုက်ရောင်းတဲ့သူတွေ၊ ပါးစပ်ကတော့ အလှူလို့ပြောတယ်ပေါ့၊ ခရီးသည်တွေက သဒ္ဒါကြေးလေးတော့ ပြန်ပေးရသေးတာပေါ့။ ဒီနေ့ခေတ်လို ရေသန့်ဘူးတွေ ဖောချင်းသောချင်းအချိန်မှာ သူတို့ဘာလုပ်နေကြမလဲ။ လူတွေက စီပိုး၊ ဘီပိုးတွေလည်း ကြောက်တတ်နေကြပြီ။ မြို့ပေါ်မှာ ရေခဲရေရောင်းတဲ့သူတွေတောင် ပျောက်ကုန်ကြပြီဆိုတော့။ နောက်ကျွန်တော်တို့ ငယ်ငယ်တုန်းက နို့ဈေးနားက ခြင်းယက်တဲ့သူတွေ။ ယိုးဒယားပလတ်စတ်ခြင်းတွေကို အပေါ်လက်ကိုင်ကိုင်းနားကနေ ပတ်ပတ်လည်ခြင်းတစ်လျှောက်လုံး ကြိမ်နဲ့ပြန်ပတ်ပေးတာ၊ အိမ်မှာတောင်တစ်လုံးရှိသေးတယ်။ အဲဒီတုန်းက ယိုးဒယားပစ္စည်းဆိုတာ အရမ်းရှားတော့ အဲဒီလိုရိုရိုသေသေကိုင်ခဲ့ကြရတယ်။ အခုအချိန်မှာ ပလတ်စတစ်ခြင်းကို ပြန်ပတ်ဖို့မပြောနဲ့၊ ထိုင်ခုံတွေမှာတောင် ကြိမ်နဲ့မယက်တော့ဘူး။ ပလတ်စတစ်တွေ ကြိုက်သလောက်ဝယ်လို့ရတဲ့အချိန်မှာ ဘယ်သူမှဂျပိုးအကိုက်မခံချင်တော့ဘူး။ အရင်တုန်းကဆို ကျောင်းဆရာမတွေ ကြိမ်ခြင်းလေးတွေ ကိုင်ကြသေးတယ်။ ကျွန်တော့်သူငယ်တန်းဆရာမ ဒေါ်လှမွန်လွင်ဆို ကြိမ်ခြင်းလေးနဲ့ အရမ်းကျက်သရေရှိတာ။ ဆရာမကအသားဖြူဖြူပုပုသေးသေးလေး။ အဲဒီကြိမ်ယက်တဲ့သူတွေ အခုဘာလုပ်နေကြမလဲ။ သူတို့တတွေကို ကျွန်တော်တို့ပစ်ပယ်ထားလိုက်သလိုဖြစ်နေပြီလား။ သူတို့ကရော တစ်သက်လုံးသူတို့လုပ်လာတဲ့ ဒီအလုပ်တွေနဲ့ မိသားစုကိုရှာဖွေကျွေးမွေးနိုင်ခဲ့တဲ့ အိမ်ထောင်ဦးစီးတွေနေရာကနေ ဖယ်ရှားခံနေကြရပြီလားဆိုတာကို ကျွန်တော်အရမ်းသိချင်လာတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်လည်း Life at the Edge လို အစီအစဉ်ကလေးတစ်ခုလုပ်ကြည့်ချင်တယ်။ သူတို့တတွေနဲ့ သွားတွေ့မယ်။ သူတို့ခေတ်ကောင်းစဉ်က ဘာတွေလုပ်ခဲ့ကြတယ်။ ဒီပညာတွေ ဘယ်လိုသင်ခဲ့တယ်။ တဖြည်းဖြည်းနဲ့လုပ်ငန်းတွေ ဘယ်လိုကျဆင်းနေတယ်။ ဒီလုပ်ငန်းက လုံးဝရပ်တန့်ပစ်ရတော့မယ်ဆိုရင် ဘာဆက်လုပ်မယ်ဆိုတာတွေကို မေးကြည့်ချင်သေးတယ်။ ကျွန်တော့်ကို အကြံဥာဏ်တွေ ပေးကြပါဦး။ နောက်တစ်ခါသူတို့တွေ ဘယ်နားမှာရှိတယ်၊ သူတို့နဲ့တွေ့ဖို့ ဘယ်လိုစီစဉ်နိုင်တယ်ဆိုတာမျိုးတွေပေါ့။ ကျွန်တော်နောက်တွေ့ချင်သေးတဲ့သူတွေရှိတယ်။ ဥပမာ ကျွန်တော်တို့ အရင်တုန်းက ရွှေတိဂုံဘုရားရောက်ရင် မေမေ့ကိုပူဆာတတ်တဲ့ ဖိုးဝရုပ်ကြီးတွေ၊ ဇီးကွက်ရုပ်ကြီးတွေကို စက္ကူတွေနဲ့လုပ်တဲ့သူတွေလေ။ သူတို့လို video documentary မလုပ်နိုင်တောင်မှ၊ စာအုပ်တစ်အုပ်လောက်တော့ လုပ်နိုင်ချင်တယ်။ နည်းနည်းလောက် အကြံပေးကြဦးဗျာ။

POE C
 
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Friday, January 20, 2012

ဂုဏ်ပြုထိုက်သူ လူသားတဦး




သူသက်ရှိ ထင်ရှားရှိစဉ်က ကျနော်မမွေးသေး။ အရွယ်ရောက်လာချိန်အထိလည်း သူ့အကြောင်းဘာမှမသိ။ သူက ကျနော်တို့ရပ်ကွက်မြို့ထဲကလည်းမဟုတ်။ ဗမာပြည်သားလည်းမဟုတ်။ ဒါကြောင့်လည်း သူ့အကြောင်း သိဖို့မရှိခဲ့။ ဒီလိုနဲ့ တက္ကသိုလ်ရောက် ၈၈ အရေးတော်ပုံကြီး ပါဝင်ဆင်နွှဲလိုက်ချိန်မှာ သူ့အကြောင်းကို နောင်တော်တယောက်ပြောအရ သိခဲ့ရတယ်။ သူပြောပြသလောက်ထက် ဘာမှပိုမသိခဲ့ရ။ ပြီး တော့ မေ့မေ့ပျောက်ပျောက်နေခဲ့လိုက်တယ်။ ဒီလိုနဲ့ ဦးနေဝင်း ခြိမ်းခြောက်၊ ဦးစိန်လွင် သတ်ဖြတ်။ နောက် ဗိုလ်စောမောင် အကြမ်းပွဲနဲ့ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ခင်ညွှန့်ရန်စက်ကွင်းမှရှောင်ရှားရင် တောကြီးမျက်မဲထဲရောက်။ နောက် ထိုင်းနိုင်ငံ မဲဆော့၊ ဘန်ကောက် တို့မှာ အဖမ်းကြမ်းတဲ့ ထိုင်းရဲလက်မှ အပြေးအလွှားခိုလှုံပုန်းရှောင်နေချိန်ကာလမှာ သူ့နဲ့ပြန်ဆုံဖြစ်ခဲ့တယ်။ သူ့အကြောင်းရေးထားတဲ့ သတင်းစာ ဆောင်းပါးလေးတပုဒ်ကို တနေကုန် အင်္ဂလိပ်-မြန်မာ အဘိဓာန်လှန်ပြီး သူဘယ်သူဘယ်ဝါ၊ ဘယ်နိုင်ငံသား၊ ဘာတွေလုပ်ခဲ့သလဲ ဆိုတာတွေကို နားလည်းအောင်ကြိုးစားခဲ့ပြီး သူ့အကြောင်းသိချင်စိတ်တွေဖြစ်လာခဲ့တယ်။

သူ့အကြောင်း ပိုသိလာလေ ပိုနှစ်သက်လေးစားကြည်ညိုးစိတ်တွေ တိုးပွားလာလေဖြစ်ခဲ့တယ်။ သူကတော့ အမေရိကန်ပြည်ထောင်စုမှ မွေးဖွား၊ သူ့လူမျိုးစု မတရား ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်ရေး၊ သာတူညီမျှ ရရှိရေး၊ ငြိမ်းချမ်းရေး စတဲ့ လူ့အခွင့်အရေး၊ အသား အရောင် ခွဲခြားတိုက်ဖျက်ရေးတို့ကို တိုက်ပွဲဝင်ရင် ကျဆုံးသွားခဲ့တဲ့ အကြမ်းမဖက်အရေးတော်ပုံသမား ဒေါက်တာမာတင်လူသားကင်း ~ ဂျူနီယာ (Martin Luther King, Jr.) ဖြစ်တယ်။ ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို သူကလည်း သူလူမျိုး အနွယ်အဖွားများရဲ့  သူရဲကောင်း၊ လွတ်လပ်ရေးကျေးဇူးရှင်ကြီး တယောက်ဖြစ်တယ်။ သူ့လူမျိုးတွေရဲ့  လွတ်လပ်ရေးတိုက်ပွဲက ကျနော်တို့ မြန်မာပြည် အင်္ဂလိပ်၊ ဂျပန်ဖက်စစ် ကိုလိုနီဖိနှိပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ရေးတိုက်ပွဲထက် ကြာရှည်ခဲ့တယ်။ အမေရိကန်ပြည် ထောင်စုအနေနဲ့ အင်္ဂလိပ်ကိုလိုနီလက်အောက်မှ ၁၇၇၆ ခုနှစ်ကတည်းက လွတ်မြောက်လာခဲ့ပေမယ့် မြောက်အမေရိကတိုက် စတင်ရှာဖွေ တွေ့ရှိချိန်ကတည်းက အာဖရိကတိုက်မှ အဓမ္မဖမ်းဆီးခေါ်ယူလာခဲ့တဲ့ လူမဲကျေးကျွန်များဖြစ်တဲ့ သူ့နွယ်ဖွားများကတော့ နှစ်ပေါင်းများစွာ လူဖြူများရဲ့  ဆက်လက် ကျွန်ပြု၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ဆက်လက်နေထိုင်ခဲ့ကြရတယ်။

လူဖြူများရဲ့ရက်စက်ကြမ်းကြုတ်မှုအောက်မှာ နှစ်ပေါင်းလေးရာကျော် လူသားတဦးအဖြစ် အပြည့်အဝမနေခဲ့ရတဲ့ သူ့လူမျိုးလွတ်မြောက် ရေး အတွက် ရှေ့ က ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ထင်ရှားတဲ့ လူမဲခေါင်းဆောင်များဖြစ်ကြတဲ့ ဖက်ဒရစ် ဒေါက်ကလပ်စ် (Frederick Douglass), ဒဗလူး အီ ဘီ ဒူး ဘွိုင့်စ် (W. E. B. Du Bois) တို့လို လူမဲလူမျိုးစုများနဲ့ အသားအရောင်ကွဲပြားမှုအရ ခွဲခြားခံထားရတဲ့ လူမျိုးစုများလွတ်မြောက်ရေးကို သူဆက်လက်တိုက်ပွဲဝင်ခဲ့တယ်။



ဂျော်ဂျီယားပြည်နယ် (Georgia) အတ္တလန်တာမြို့  (Atlanta) မှာ ဖခင် ခရစ်ယာန်သင်းအုပ်ဆရာတော် မာတင်လူသားကင်း ဆီနီယာ (Martin Luther King, Sr.) နဲ့ မိခင် အဲလ်ဘာတာ ဝီလီယံ ကင်း (Alberta Williams King) တို့မှ ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖွားမြင်ခဲ့တယ်။ အမတယောက်နဲ့ ညီငယ်တယောက် သူမှာရှိတယ်။ အတ္တလန်တာမြို့ ရှိ ထင်ရှားတဲ့ ဘရုတ်ကာတီ ဝါရှင်တန် (Booker T. Washington) အထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတယောက်ဖြစ်တယ်။ ကိုးတန်းနဲ့ ဆယ့်နှစ် တန်းကို မတက်ရဘဲ အသက် (၁၅) နှစ်မှာ လူမဲများအတွက် ပထမဦးဆုံး ဖွင့်လှစ်ပေးခဲ့တဲ့ မိုဟော့စ်ကောလိပ် (Morehouse College) ကို တက်ရောက်ခွင့်ရခဲ့တယ်။ အစောပိုင်းမှာ ဖခင်လိုပဲ ခရစ်ယာန်သင်းအုပ်ဆရာဖြစ်ဖို့အတွက် (အဲဒီကာလမှာ လူမဲများအတွက် တခြား ဘာ သာရပ်များသင်ကြားခွင့်ကို ကန့်သတ်ထားတာကြောင့် အများစုမှာ ခရစ်ယာန်ဘာသာရေးဆိုင်ရာ (Theological Seminary) ဘာသာရပ် တွေကိုသာ သင်ကြားခွင့်ရှိတယ်။ ဒီလိုနဲ့ ပန်ဆဲလ်ဗီးနီးယားပြည်နယ် ဘာသာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားပြီး ၁၉၅၁ ခုနှစ်မှာ ဝိဇ္ဇာဘွဲ့ ရရှိခဲ့တယ်။ ၁၉၅၃ မှာ ကိုရီတာ စကော့ထ် (Coretta Scott) နဲ့ လက်ထပ်ထမ်းမြားခဲ့ပြီး သားသမီး (၄) ယောက်ရရှိခဲ့တယ်။ အသက် (၂၅) နှစ်မှာ အလ်ဘားမားပြည်နယ်၊ မောက်ဂိုမာရီမြို့ ရှိ ဒက်စ်တာ ရိပ်သာလမ်း ပရိုတက်စတင်အသင်းတော်ဝင် ခရစ်ယာန်ကျောင်း (Dexter Avenue Baptist Church) ရဲ့ တရားဟောသင်းအုပ်ဆရာဖြစ်လာခဲ့တယ်။ တချိန်တည်းမှာ ခရစ်ယာန်ဘာသာရေးဆိုင်ရာ လေ့ လာမှုကို ဆက်လက်သင်ကြားပြီး ဘော်စတွန်တက္ကသိုလ် (Boston University) မှ ပါရဂူဘွဲ့ကိုရရှိခဲ့ပြီး ဒေါက်တာမာတင်လူသားကင်း ဖြစ်လာခဲ့တယ်။ အစောပိုင်းမှာ နိုင်ငံရေးလှုပ်ရှားမှုများမှာ တက်ကြွစွာဝင်ရောက်လှုပ်ရှားခြင်းမရှိသေးဘဲ ဘာသာရေးဆိုင်ရာများကိုသာ ဇောက်ချလေ့လာ၊ ပို့ချလုပ်ကိုင်နေခဲ့တဲ့ ခရစ်ယာန်သင်းအုပ်ဆရာကောင်းတယောက်သာဖြစ်ဖို့ စိတ်ဆန္ဒရှိခဲ့တယ်။

ဒါပေမဲ့ မိုဟော့စ်ကောလိပ်မှာ တက်ရောက်စဉ်ကာလမှာ သူ့ဖခင်ကြီး၏မိတ်ဆွေ လူ့အခွင့်အရေးသမား၊ ဘာသာရေးဆရာ ဟားဝက်သာ မန် (Howard Thurman ရဲ့  စောင့်ရှောက် လမ်းညွှန်သင်ပြပေးမှုကို ရရှိခဲ့ပြီး၊ မစ္စတာသာမန်က အိန္ဒိယနိုင်ငံကို ခရစ်ယာန်သာသနာပြု သွားရောက်တုန်းကတွေ့ဆုံခဲ့တဲ့ အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး၊ အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီး မဟတ္တမဂန္ဒီအကြောင်းကို မိတ် ဆက်ပြောဆိုခဲ့တယ်။ မစ္စတာသာမန်နဲ့ မာတင်လူသားကင်း ဆက်သွယ်မှုအမြဲ ရှိခဲ့ပြီး မဟတ္တမဂန္ဒီရဲ့  အကြမ်းမဖက် ငြိမ်းချမ်းရေးလှုပ်ရှားမှုကို ပိုမိုစိတ်ဝင်စားလာခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ မဟတ္တမဂန္ဒီကြီး မွေးဇာတိကို သွားရောက်လေ့လာခဲ့တယ်။ အိန္ဒိယကပြန်လည်မထွက်ခွာခင် ညနေပိုင်းစကားပြောပွဲမှာ “အိန္ဒိယမှာရောက်ရှိနေချိန်အတွင်း ကျနော်အနေနဲ့ အကြမ်းမဖက်တော်လှန်လှုပ်ရှားမှု နည်းဗျူဟာနဲ့ အဖိနှိပ်ခံ ပြည်သူလူထု လွတ်မြောက်ရေး၊ လူဂုဏ်သိက္ခာနဲ့ တရားမျှတစွာနေနိုင်ရေးလုပ်ဆောင်ဖို့ အရင်ကထက် ပိုမိုသက်ဝင်ယုံကြည်လက်ခံ လာခဲ့ တယ်” လို့ ပြောဆိုခဲ့ခြင်းဖြင့် သူ့၏ အကြမ်းမဖက် ငြိမ်းချမ်းစွာလှုပ်ရှားမှုအကြောင်း နားလည်လာမှုကို ဖော်ထုတ်ပြသလိုက်တယ်။

ဒီကာလအတွင်းမှာ အလ်ဘားမားပြည်နယ်၊ မောက်ဂိုမားရီမြို့ မှာ လူမဲအမျိုးသမီးများဖြစ်ကြတဲ့ ကလူဒက်တီ ကော်ဗင် (Claudette Colvin) နဲ့ ရိုဇာပက်စ် (Rosa Parks) တို့ ဘတ်စ်ကားအတွင်း လူဖြူများ ထိုင်ခုံနေရာမှာဝင်ထိုင်ပြီး လူဖြူများအား ထိုင်ခွင့်မဖယ်ရှားပေးလို့ ဖမ်းဆီး ခံရခြင်းနဲ့ပတ်သက်ပြီး လူမဲများ ဘတ်စ်ကားမစီးရေး သပိတ်မှောက်တိုက်ပွဲမှာ လူထုသင်းအုပ်ဆရာတယောက်အနေနဲ့ ဦးဆောင်ပါဝင်လာခဲ့ တယ်။ ရက်ပေါင်း (၃၈၅) ရက် ကာရှည်ခဲ့တဲ့ သပိတ်မှောက်ပွဲကာလအတွင်း လူဖြူအစွန်းရောက်များက မာတင်လူသားကင်းအိမ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြတယ်။ ကံကောင်းထောက်မစွာနဲ့ မိသားစုဝင် တဦးတယောက်မှ သေဘေးမှလွတ်မြောက်ခဲ့ကြတယ်။ အာဏာပိုင်များက ရပ်ရွာမငြိမ်မသက် လှုံဆော်မှုပြစ်မှုဆိုင်ရာနဲ့ သူ့ကို ဖမ်းဆီးအရေးယူခဲ့ပေမယ့် ဘတ်စ်ကားများအတွင်း လူဖြူ၊ လူမဲ ခွဲခြားဆက်ဆံရေး ဥပဒေကို ဖယ်ရှားဖျက်သိမ်းပေးခဲ့တယ်။

၁၉၅၇ ခုနှစ်မှာ မာတင်လူသားကင်းနဲ့ အသားအရောင်ခွဲခြားတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူတွေစုစည်းပြီး တောင်ပိုင်း ခရစ်ယာန်ခေါင်း ဆောင်များ ညီလာခံ (Southern Christian Leadership Conference) အဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်။ ဒီအဖွဲ့ရဲ့ပင်မဦးတည်ချက်၊ ရည်ရွယ် ချက်မှာ လူမဲခရစ်ယာန်ကျောင်းများမှာ အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် အကြမ်းမဖက် ငြိမ်းချမ်းစွာလှုပ်ရှား ဆောင်ရွက်ရေး နည်းဗျူဟာဆိုင်ရာများကို သင်ကြားပို့ချသွားရေးအတွက် ဖြစ်တယ်။ မာတင်လူသားကင်းကို အသင်းကြီးရဲ့ဥက္ကဋ္ဌအဖြစ် တညီတညွှတ်တည်း ရွေးချယ်တင်မြောက်ခဲ့ကြတယ်။
၁၉၅၈ စက်တင်ဘာလ ၂၀ ရက်နေ့မှာ သူ့ရေးသာထုတ်ဝေခဲ့တဲ့ လွတ်မြောက်ရေးအတွက် ချီတက်ကြစို့ (StrideToward Freedom) စာအုပ်ကို နယူးရော့ခ် ဟာလမ်ရပ်ကွက် စာအုပ်ဆိုင်တဆိုင်မှာ လက်မှတ်ရေးထိုးပေးနေတုန်း စိတ်မနှံ့ရှာသူ လူမဲအမျိုးသမီးက အနီးကပ် စာဖွင့်ဓါးချွန်နဲ့ ရင်ဘတ်ကိုထိုးချက်ကြောင့် သေမလိုဖြစ်ခဲ့ရတယ်။ သူ့ရဲ့ အကြမ်းမဖက်လှုပ်ရှားမှုအရှိန်အဟုန် မြင့်တက်လာပြီး တောင်ပိုင်း ပြည်နယ်များတလျှောက် ကျယ်ပြန့်လာချိန်မှာ အမေရိကန် အထူးထောက်လှမ်းရေးအဖွဲ့ (FBI) က သူ့အိမ်၊ ရုံးဖုန်းများကို ကြားဖြတ်နားထောင် မှုများပြုလုပ်လာခဲ့တယ်။ အမေရိကန်အထူးထောက်လှမ်းရေးအကြီးအကဲ ဂျေအက်ဂါဟူးဗား (J Edgar Hoover) က မာတင်လူသားကင်း တို့ရဲ့လှုပ်ရှားမှုကို ကွန်မြူနစ်များဝင်ရောက်အားပေးနေကြောင်း စွပ်စွဲပြောဆိုပြီး လူမဲခေါင်းဆောင်အများစုကို ဖမ်းဆီးချုပ်နှောင်၊ ဖျောက် ဖျက်မှုတွေ လုပ်ဆောင်ခဲ့တယ်။ မာတင်လူသားကင်းရဲ့ဦးဆောင်မှုကိုဖယ်ရှားလိုတဲ့အတွက် မဟုတ်မမှန်သတင်းများ ဖန်တီးထုတ်ပြန်မှု များကို လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့။
မာတင် လူသားကင်း၏ ဦးဆောင်မှုနဲ့ လှုပ်ရှားတိုက်ပွဲဝင်ခဲ့တဲ့ အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲများကို သတင်းမီဒီယာများက တင်ပြဖော်ပြမှုများကြောင့် တောင်ပိုင်းပြည်နယ်များမက တခြားပြည်နယ်ဒေသများသို့ သတင်းပျံ့နှံ့သွားခဲ့တယ်။ အကြမ်းမဖက် လှုပ်ရှားမှု များနဲ့ လူမဲများ မဲဆန္ဒပေးပိုင်ခွင့်၊ ခွဲခြားဆက်ဆံရေး ပပျောက်ရေး၊ တန်တူ အလုပ်သမား လုပ်ပိုင်ခွင့် အခွင့်အရေး တောင်းဆိုမှုတိုက်ပွဲများကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ ဒီ တောင်းဆိုလှုပ်ရှားမှုများကြောင့် အမေရိကန်အစိုးရလွှတ်တော်မှ လူမဲများ မဲပေးပိုင်ခွင့်ဥပဒေနဲ့ တခြား အခွင့်အရေးများကို အတည်ပြုပေးခဲ့တယ်။ ဒီကာလအတွင်းမှာ မကြာခဏ အထိန်းသိမ်းခံရပြီး၊ အကျဉ်းကျခံနေချိန်အတွင်း ရေးသားခဲ့တဲ့ ဘာမင်ဟန်အကျဉ်းထောင်တွင်းမှ ပေးစာ (Letter from a Birmingham Jail) က ထင်ရှား ဖတ်မှတ်လေ့လာသင့်တဲ့ မှတ်တမ်းစာအဖြစ် ထင်ရှားခဲ့တယ်။ ဘာမင်ဟန်နဲ့ တောင်ပိုင်းပြည်နယ်များ လှုပ်ရှားမှုများ အရှိန်အဟုန်မြင့်မားလာချိန်မှာ တခြားပြည်နယ်ဒေသရှိ လူ့အခွင့် အရေးအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပြီး ဝါရှင်တန်မြို့တော်ချီတက်ပွဲ (March on Washington) ကို ၁၉၆၃ ခုနှစ်မှာ ဦးဆောင်စည်းရုံး လုပ်ကိုင်ခဲ့တယ်။ ဒီသမိုင်းဝင်ချီတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ လူမဲခေါင်းဆောင်များ၊ အသားအရောင် ခွဲခြားတိုက်ဖျက်ရေးကို ဆန့်ကျင် ကြတဲ့ လူဖြူ ခေါင်းဆောင်များ၊ အနုပညာအသိုင်းအဝိုင်းမှ ထင်ရှားတဲ့ ဒါရိုက်တာ၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်များ ဖြစ်ကြတဲ့ (Marian Anderson; Joan Baez; Bob Dylan; Mahalia Jackson; Peter, Paul, and Mary; and Josh White. Charlton Heston—representing a contingent of artists, including Harry Belafonte, Marlon Brando, Diahann Carroll, Ossie Davis, Sammy Davis Jr., Lena Horne, Paul Newman, and Sidney Poitier) တို့နဲ့ ပြည်သူလူထု နှစ်သိန်းငါးသောင်းကျော် ပါဝင်ခဲ့ကြတယ်။ ကမ္ဘာ့သမိုင်းမှာ ထိပ်တန်းမှတ်တမ်းပြုတင်ရစ်ခဲ့တဲ့ I have a dream မိန့်ခွန်းကိုပြောဆိုခဲ့ပြီး တက်ရောက်လာသူများနဲ့ သတင်းပေးပို့ချက်များမှ မိန့်ခွန်းနား ထောင်ရသူများရဲ့ တခဲနက်ထောက်ခံ အသိအမှတ်ပြုခြင်းကို ရရှိခဲ့တော့တယ်။

ဒီနောက်ပိုင်း ထင်ရှားတဲ့ လှုပ်ရှားမှုတခုက ၁၉၆၅ ခုနှစ် မတ်လ (၇) ရက်နေ့မှာ အလ်ဘားမားပြည်နယ် ဆဲမာမြို့  (Selma) မှ မောက်ဂိုမာရီမြို့ တော်ကို လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များအတွက် ဒေါက်တာကင်းမပါဝင်တဲ့ အကြမ်းမဖက်လှုပ်ရှားသူ (၆၀၀) ခန့် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ပွဲမှာ လူဖြူအာဏာပိုင်များ နဲ့ ရဲတပ်ဖွဲ့ အကြမ်းဖက်ဖြိုခွင်တိုက်ခိုက်မှုကြောင့် ဆန္ဒပြသူအများအပြား ထိခိုက်ဒဏ်ရာရ သွေးချောင်းစီးခဲ့တဲ့နေ့ ဖြစ်တယ်။ ဒေါက်တာကင်းအနေနဲ့ အာဏာပိုင်အဖွဲ့အစည်း၏ အကြမ်းဖက်တားမြစ်မှုကိုရှုတ်ချပြီး သူကိုယ်တိုင် ဒုတိယအကြိမ်နဲ့ တတိအကြိမ်တို့ကိုဦးဆောင်ပြီး အာဏာပိုင် စစ်တပ်၊ ပြည်နယ်တပ်ဖွဲ့၊ အထူးထောက်လှမ်းရေးအင်အားတပ်ဖွဲ့များ တားမြစ် ပိတ်ပင်ထားတဲ့ကြားမှ ငြိမ်းချမ်းစွာနဲ့ မြို့ တော်ကို အရောက်ချီတက်နိုင်ခဲ့တယ်။ မြို့ တော်ကို အောင်မြင်စွာ ချီတက်ရောက်ရှိပြီးနောက် အစိုးရရုံးစိုက် မြို့ တော်ခန်းမရှေ့ မှာ “How Long, Not Long” မိန့်ခွန်းကို ပြောဆိုခဲ့တယ်။ မှတ်သားဖွယ်ပြောဆိုချက်တခုမှာ “သူတို့တတွေက ပြောတယ် ကျနော်တို့ ဒီနေရာကို မရောက်စေရဘူးတဲ့။ တချို့ ကလည်းပြောကြတယ်။ ကျနော်တတွေရဲ့ရုပ်လောင်းတွေပဲ ဒီနေရာကို ရောက်လာလိမ့်မယ်တဲ့။ ဒါပေမဲ့ အခု ကျနော်တို့ ဒီနေရာကို ရောက်ရှိလာတာကို တကမ္ဘာလုံး မြင်ကြပါပြီ။ ကျနော်တို့တတွေ သြဇာတိက္ကမ ကြီးမားလှတဲ့ အလ်ဘားမားပြည်နယ်အစိုးရရုံးရှေ့ရပ်ပြီးပြောချင်တာကတော့ ကျနော်တို့တတွေကို ဘယ်သူဘယ်ဝါမှ နောက်ပြန်လှည့်သွား အောင် မလုပ်နိုင်ပါဘူး” ဆိုတဲ့ ပြောဆိုကောက်နုတ်ချက်ဖြစ်တယ်။
တောင်ပိုင်းဒေသများမှာ အောင်မြင်မှုများရရှိလာပြီးနောက်ပိုင်း ဒေါက်တာကင်းနဲ့ အကြမ်းမဖက် လှုပ်ရှားရေးအဖွဲ့အစည်းများ အမေရိကန် မြောက်ပိုင်းဒေသများကို သွားရောက်စည်းရုံးလှုံဆော်ခဲ့ကြတယ်။ မြောက်ပိုင်းဒေသ ပထမဦးဆုံးမြို့တော်မှာ ချီကာဂိုမြို့ (Chicago) ဖြစ် တယ်။ ချီကာဂိုမြို့ မှာ ရုံးခန်းတခန်းဖွင့်ပြီး ဒေသခံ ကွန်မြူနီတီအဖွဲ့အစည်းတခုနဲ့ ပူးတွဲပြီး စီတန်းလမ်းလျှောက်ဆန္ဒပြပွဲများကိုပြုလုပ်ခဲ့ပြီး လူဖြူလူမဲ တန်းတူညီတူအခွင့်အရေးများကို တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ မြို့ခံများ၏ ပူးပေါင်းထောက်ခံမှုမရရှိဘဲ အကြမ်းဖက်တိုက် ခိုက်မှုများနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ တခုသော ဆန္ဒပြပွဲမှ အကြမ်းဖက်တိုက်ခိုက်ကြသူ လူဖြူတစု၏လက်ချက်ကြောင့် ဒေါက်တာကင်း မျက် နှာ အုတ်ခဲကျိုးတခုထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ တချိန်တည်းမှာ လုပ်ကြံသတ်ဖြတ်မှု ခြိမ်းခြောက်စာများကို ရရှိခဲ့တယ်။ နောက်ဆုံး တက်ကြွတဲ့ မြို့ ခံ လူမဲ လူငယ်ခေါင်းဆောင်များကို တာဝန်လွှဲအပ်ပြီး တခြားပြည်နယ်ဒေသများသို့ သွားရောက်ခဲ့တယ်။

အဲဒီကာလအတွင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ ကွန်မြူနစ်ဆန့်ကျင်ရေးကို တရှိန်ထိုးဆန့်ကျင်လုပ်ကိုင်နေပြီး အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကို တိုက်ခိုက်နေချိန် ဖြစ်တယ်။ ဒေါက်တာကင်းအနေနဲ့ အကြမ်းဖက်မှုကိုဆန့်ကျင်သူပီပီ အမေရိကန်အစိုးရရဲ့ ဗီယက်နမ် နိုင်ငံအရေး ဝင်ရောက်စွက်ဖက်၊ တိုက်ခိုက်နေမှုကို အပြင်းအထန်ရှုတ်ချပြီး၊ အမေရိကန်အစိုးရအနေနဲ့ မိမိနိုင်ငံအတွင်းမှာ ဖြစ် ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးအခြေအနေများကို ဖြေရှင်းလုပ်ကိုင်သွားဖို့လိုကြောင်း၊ အမေရိကန်အစိုးရအနေနဲ့ ငွေကြေး ကုန်ကျ၊ လူပေါင်းများစွာ သေကြေပျက်စီး၊ လူမဆန်၊ အဓိပ္ပါယ်မဲ့စစ်ပွဲကို အမြန်ဆုံးရပ်စဲဖို့ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို တက် ရောက်ပြောဆိုခဲ့သလို၊ စာဆောင်းပါးများရေးပြီး သူ့၏ စစ်ဆန့်ကျင်ရေး ရပ်တည်ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ အမေရိကန် အစိုးရ အာဏာပိုင်တချို့နဲ့ မီဒီယာတချို့က ဒေါက်တာကင်းအနေနဲ့ ကွန်မြူနစ် ဗီယက်နမ်ကာကွယ်ရေးသမား၊ ပြောရေးဆိုခွင့်ရှိသူလို့ စွပ်စွဲပြောဆိုကြတယ်။ လူသားအားလုံး တန်တူညီတူ လူ့အခွင့်အရေးရရှိရေးအတွက် အကြမ်းမဖက်ငြိမ်းချမ်းရေးနည်းနဲ့ တိုက်ပွဲဝင် လှုပ်ရှား ခဲ့တဲ့ ဒေါက်တာကင်းကို ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီးက ငြိမ်းချမ်းရေးဆုကို ၁၉၆၄ ခုနှစ်မှာ ချီးမြှောက်ခဲ့တယ်။




၁၉၆၈ နှစ်ကာလမှာ ဆင်းရဲသားလူထုအတွက် စည်းရုံးလှုံဆော်မှု လူထုဆန္ဒပြပွဲများကို ဦးဆောင်တိုက်ပွဲဝင်ခဲ့တယ်။ ဝါရှင်တန်ဒီစီနဲ့ မြောက်ပိုင်းဒေသ မြို့ နယ်များကို သွားရောက်ပြီး ဆင်းရဲသားလူထုများအား အစိုးရအနေနဲ့ ထောက်ပံ့ကူညီ စောင့်ရှောက်လုပ်ကိုင်ပေးသွားရန် တိုက်တွန်းတောင်းဆိုခဲ့တယ်။ နေ့ညရက်ဆက် တမြို့ဝင် တမြို့ထွက် နိုင်ငံတဝှမ်း လူမဲနဲ့ အသားအရောင်ခွဲခြားမှုခံနေရတဲ့ လူမျိုးစုများ ဖိနှိပ်မှုအောက်မှ လွတ်မြောက်ရေး၊ တန်တူအခွင့်အရေးများ ရရှိရေး၊ ဆင်းရဲမွှဲတေမှု ပပျောက်ရေး စတဲ့ လှုံဆော်လှုပ်ရှားမှုများကို လုပ်ကိုင် ဆောင်ရွက်နေရင် တန္နစီပြည်နယ် (Tennessee) မန်ဖိစ်မြို့  (Memphis) ရှိ လူမဲ မြူနီစပယ်သန့်ရှင်းသမားများ ဆန္ဒပြသပိတ်မှောက်ပွဲကို သွားရောက်အားပေးထောက်ခံပြီး ၁၉၆၈ ဧပြီလ (၃) ရက်နေ့မှာ တောင်ထိပ်ပေါ်ကို ကျနော်ရောက်ခဲ့ဘူးတယ် (I have been to the mountaintop) မိန့်ခွန်းကို ပြောဆိုခဲ့တယ်။ ဒီ မိန့်ခွန်းက သူ့ရဲ့နောက်ဆုံး မိန့်ခွန်းဖြစ်မယ်ဆိုတာကို ဘယ်သူမှ မျှော်လင့်မထားခဲ့ပေမယ့် သူ့ပြောဆိုချက်ထဲမှာ “ကျနော် ဒီကိုရောက်ရှိလာခဲ့တယ်။ တချို့ တွေ ကျနော်ကို ခြိမ်းခြောက်ကြတယ်။ လူဖြူတချို့က ဘာဖြစ်သွားမယ် ဘာညာဆိုပြီး ခြိမ်းခြောက်ပြောဆိုကြတယ်။ အခုလောလောဆယ် ဘာဖြစ်မယ်ဆိုတာကတော့ ကျနော်မသိဘူး။ ကျနော်တို့အနေနဲ့ ရှေ့ ဆက် ခရီးကြမ်းကြီးကို ဆက်လျှောက်ရအုန်းမယ်။ ဒါပေမဲ့ ကျနော် ဒိကိစ္စကို သိပ်ဂရုစိုက် အလေးမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် တောင်ထိပ်ကိုရောက်ခဲ့ပြီးပြီ။ ကျနော်လည်း အားလုံးလိုလို ဘဝကို အသက်ရှည်ရှည် ဖြတ်သန်းချင်ပါတယ်။ ဒါပေမဲ့ အခုတော့ အသက်ရှည်နေနိုင်ရေးကို ကျနော် စိတ်မဝင်စားပါဘူး။ ကျနော်အနေနဲ့ ဘုရားသခင်ရဲ့အလိုတော်အတိုင်း လုပ်ဆောင်သွားချင်ပါတယ်။ ဘုရားသခင်အနေနဲ့ ကျနော်ကို တောင်ထိပ်ကိုသွားခွင့်ပြုခဲ့ပါတယ်။ တောင်ထိပ်ကနေကြည့်လိုက်တဲ့အခါမှာ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံသစ် ကို ကျနော်တွေ့ရပါတယ်။ ကျနော် ခင်များတို့နဲ့ အဲဒီနေရာကို အတူရောက်ရင် ရောက်ပါလိမ့်မယ်။ ဒီည ခင်များတို့ကို ကျနော်သိစေချင်တာက ကျနော်တို့တတွေ ဒီနယ်မြေသစ်ကို ရောက်ရှိကြပါလိမ့်မယ်။ ဒီအတွက် ကျနော် ဒီည အထူးဝမ်းသာပျော်ရွင်ပါတယ်။ တခြားဘာမှ စိုး ရိမ်ကြောင့်ကြမနေပါဘူး။ ဘာကိုမှလည်း မကြောက်တဲ့လူတယောက်ပါ။” ပြောဆိုခဲ့တယ်။
သူ့ပြောဆိုခဲ့တဲ့ စကားအရိပ်နမိတ်အတိုင်း နောက်တရက် ဧပြီလညနေပိုင်း ၆ နာရီ တမိနစ်အချိန် သူတည်းခိုရာ လော်ရိန်းမော်တယ် (Lorraine Motel) ဒုတိယထပ် လသာဆောင်မှာ ညနေစာသွားစားဖို့ လာရောက်ခေါ်မယ့်သူကိုစောင့်နေတုန်း လုပ်ကြံသတ်ဖြတ်သူ ပစ်ခတ် လိုက်တဲ့ သေနတ်ဒဏ်ရာရရှိပြီး စိန့်ဂျိုးဆက်ဆေးရုံမှာ သေဆုံးသွားခဲ့တယ်။ သေဆုံးချိန်မှာ အသက် (၃၉) သာရှိသေးပေမယ့် ဆေးမှတ် တမ်းအရ သူ့ နှလုံးသားအသက်က အသက် (၆၀) ကျော် လူကြီးတယောက်အရွယ် ရှိနေတယ်။ ဒေါက်တာကင်း လုပ်ကြံသတ်ဖြတ်ခံရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ ဘော်တီမိုး မြို့များစွာမှာ ဆူပူအကြမ်းဖက်တုံ့ပြန့်မှုများ ဖြစ်ပွါးခဲ့တယ်။ ဒေါက်တာ ကင်း၏ လုပ်ဖော်ကိုင်ဖက် အကြမ်းမဖက် ငြိမ်းချမ်းရေးသမားများက အကြမ်းမဖက် ငြိမ်းချမ်းစွာဆန္ဒပြကြဖို့ကို မေတ္တာရပ်ခံကြတယ်။



ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုန်းကြီးသော်လည်း အသက်မရှည်ခဲ့သူ ဒေါက်တာ မာတင်လူသားကင်းကို အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမ ဂန္ဓီ လို အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီးတဦး အဖြစ် အမေရိကန်ပြည်သူလူထု နဲ့ ကမ္ဘာသူ ကမ္ဘာသားများက ဂုဏ်ပြုကြပြီး သူတို့ရဲ့အကြမ်းမဖက် ငြိမ်းချမ်းရေးနည်း ဆက်လက်ရှင်သန်နေတာကို ကျနော်တို့ မြန်မာနိုင်ငံမှာ ယနေ့ တွေ့မြင်နိုင်သည်။

တချိန်က သူနဲ့ အကြမ်းမဖက်ငြိမ်းချမ်းရေး တိုက်ပွဲသူရဲကောင်များ၏ ကြိုးပမ်းလှုပ်ရှားမှု၊ မျှော်လင့်ချက်အိမ်မက်ကြောင့် ယနေ့ အမေရိ ကန်သမိုင်းမှာ ထင်ရှားတဲ့ လူမဲ စစ်ဦးချုပ် ကိုလင်းပိုဝေါလ် (Colin Powell)၊ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒါလီဇာရိုက်စ် (Condoleezza Rice) နဲ့ သမ္မတ ဘာရက်အိုဘားမား (Barack Obama) တို့ နိုင်ငံတော်တာဝန်၊ တိုင်းပြည်နဲ့ ပြည်သူ့အကျိုးများကို တန်တူညီတူ မဲပိုင်ပေးခွင့်၊ ရပိုင်ခွင့်များနဲ့ ပြည့်ဝတဲ့ဒီမိုကရေစီစနစ်အောက်မှာ ထမ်းရွက်ရယူနိုင်ခဲ့တာကို သမိုင်းစာမျက်နှာများပေါ်မှာ တွေ့မြင်နေရပါပြီ။ မကြာသေး ခင်ကပဲ ဝါရှင်တန်ဒီစီမြို့တော်ရှိ ထင်ရှားတဲ့ လူဖြူခေါင်းဆောင်များကို ဂုဏ်ပြုထားတဲ့ အထိမ်းအမှတ် အဆောက်အုံ၊ မော်ကွန်းရုပ်တု တွေကြားမှာ ဒေါက်တာမာတင်လူသားကင်းအား ဂုဏ်ပြုသောအထိမ်းအမှတ် ကျောက်ရုပ်တုကြီးနဲ့ ပန်းခြံကို ဖွင့်လှစ်ခဲ့တယ်။

ဒီအပတ် ဒေါက်တာမာတင်လူသားကင်းမွေးနေ့အား ဂုဏ်ပြုသော ရက်ရှည်ရုံးပိတ်ရက်မှာ ပူဇာစ ပူဇနေယျာနံ – ပူဇော်ထိုက်သူ ပုဂ္ဂိုလ်မှန် တို့ကို ပူဇော်ရခြင်းသည်လည်း မင်္ဂလာမည်၏ ဆိုစကားအတိုင်း ဒီဆောင်းပါးလေးနဲ့ ပူဇော်ထိုက်သူ ကျနော်လေးစားသော အကြမ်းမဖက် ငြိမ်းချမ်းရေးသမားကြီး ဒေါက်တာမာတင်လူသားကင်း ဂျူနီယာကို ဂုဏ်ပြုပူဇော်လိုက်ပါတယ်။

မှတ်ချက် ။ ။ လူမဲများကို လူမဲ (black)၊ အာဖရို အမေရိကန် (Afro-American) လို့ ခေါ်ဆိုခြင်းက သင့်မြတ်ပြီး၊ အစောပိုင်း အသားအရောင် ခွဲခြား၊ ကျေးကျွန်ကာလအတွင်း နာမ်နှိမ်ခေါ်ဆိုခဲ့တဲ့ နီဂရို (Negro)၊ နစ်ဂါ (Nigger) လို့ ခေါ်ဆိုခြင်းကို ယခုအချိန်မှာ တရားဥပဒေအရ အရေးယူနိုင်သည်။
အမေရိကန် လူမဲသမိုင်းနဲ့ Civil Rights လှုပ်ရှားမှုအကြောင်း ဖတ်မှတ်လေ့လာသင့်တဲ့ စာအုပ်များမှာ …
Frederick Douglass’s Narrative of the Life of Frederick Douglas
W. E. B. Du Bois’s The Souls of Black Folk
Brook T. Washington’s Up From Slavery
Martin Luther King Jr.’s Why We Can’t Wait and Stride toward Freedom
Malcolm X’s The Autobiography of Malcolm X

ဇာဝါရီ
ဇန်န၀ါရီ ၁၉၊ ၂၀၁၂

Monday, January 16, 2012

မြန်မာယူနီကုတ်ရဲ့ ခရီးလမ်း

အခုအောက်မှာပြထားတဲ့ ပုံအတိုင်းဆိုရင် မြန်မာယူနီကုတ်ရဲ့ ခရီးလမ်းဟာ ရင်လေးစရာပါပဲ။ သူတို့တတွေက ဒီနှစ်ကို မြန်မာယူနီကုတ်နှစ်လို့ ကြွေးကြော်ခဲ့ကြတယ်။ ဒါပေမယ့်အခုပဲ နှစ်ရဲ့နောက်ဆုံးလထဲကို ဝင်လာတော့မယ်။ မြန်မာယူနီကုတ်ဟာ ပလက်ဖောင်းအားလုံးမှာ အလုပ်လုပ်နိုင်စွမ်းမရှိသေးဘူး။ ကျွန်တော်က Developer ပါ။ ဒီလိုနည်းပညာအခက်အခဲတွေနဲ့ ရင်ဆိုင်ရတာ ကျွန်တော့်အတွက် ရိုးနေပြီ။ ဒါပေမယ့်ဒီကိစ္စမှာ ခက်နေတာက ဘယ်သူ့မေးလို့ ဘယ်သူ့အကူအညီတောင်းရမှန်းမသိတာပဲ။ အခက်အခဲတွေရှိမှန်း ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ဘာသာစကားကိုယ်နှိုက်က အလွန်အမင်း complicated ဖြစ်လွန်းတယ်။ ABCD လောက်လွယ်နေရင် ပြီးတာကြာလှပေါ့။

ဒါပေမယ့် ယူနီကုတ်ကွန့်ဆော့တီးရန်း ကိုယ်နှိုက်ကလည်း ဒါတွေကိုစဉ်းစားပြီး လုပ်ပေးထားတယ်။ စကားလုံးမြေပုံတွေ၊ encoding တွေ၊ ဒါတွေလုပ်ပေးထားတယ်။ အခုအချိန်မှာ ကျွန်တော်တို့က စကားလုံးမြေပုံတွေလည်းမှန်ပြီ၊ encoding လည်းမှန်ပြီ။ မမှန်တာက ဘယ်မှာလည်းဆိုတော့ rendering ပဲ။ အဲဒီ rendering ကတော့ OS တွေကို support လုပ်ခိုင်းမှရမယ်။ အဲဒီတော့ပြောချင်တာက User feedback ကို နားမထောင်ရင် 2011 တစ်နှစ်လုံး မြန်မာယူနီကုတ်နှစ်လို့ အော်ရုံတင်မကဘူး၊ ၂၁ရာစုတစ်ခုလုံး မြန်မာယူနီကုတ်ရာစုလို့ အော်နေရင်တောင် ၂၁ရာစုသာကုန်သွားမယ် အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ rendering ပြဿနာကို ဖြေရှင်းမယ်ဆိုရင် User ရဲ့အသံကိုနားထောင်ရမယ်။ အဲဒါမှ ပလက်ဖောင်းအားလုံးမှာ ပြင်ဆင်ရမယ့် rendering လိုအပ်ချက်တွေကိုသိမယ်။

အခုတော့ ဘာပဲပြောပြော ကျွန်တော်တော့ လက်လျော့လိုက်ပြီ။ ဒီ Mac ကို သုံးရဖို့ ကျွန်တော်သေလုမြောပါး ကြိုးစားခဲ့ရတယ်။ အဲဒီတော့ ယူနီကုတ်သုံးမလား၊ Mac သုံးမလားဆိုရင် ကျွန်တော် Mac ပဲရွေးမယ်။ ယူနီကုတ်မသုံးလည်း ဘာဖြစ်လဲ ဇော်ဂျီရှိတာပဲ။ ဇော်ဂျီဆက်သုံးမှာပေါ့။ သူ့ဖာသာသူ နောက်ဖြစ်မှနောက်ရှင်းပဲ။ ကျွန်တော်လိုလူမျိုးတောင် စိတ်မရှည်ရင် ဘယ် End User က စိတ်ရှည်မှာလဲ။ ဇော်ဂျီဆိုဘယ်လောက်လွယ်လဲ။ Package ကလေး သွင်းလိုက်၊ Input Source and Language setting မှာ ဝင်ပြင်လိုက်၊ ပြီးရင် Log out လုပ်ပေးလိုက်၊ ဒါပဲ၊ ဟိုဟာကြက်၊ လည်ပင်းရှည်ရှည်နဲ့ကငန်း၊ ကျန်တာမန်ဒါလီချည်းပဲ။ ဘယ်သူမှသူ့ယူနီကုတ်နဲ့ ဒုက္ခခံမနေချင်ဘူး။ ဘယ်သူကမှ ယူနီကုတ်စစ်တယ်၊ မစစ်ဘူး ငြင်းမနေဘူး။ သုံးလို့ရတယ်၊ သုံးလို့လွယ်တယ်ဆိုရင် သုံးမှာပဲ။ ယူနီကုတ်အစစ်၊ အတုဆိုတာ ဘယ်သူမှစောက်ဂရုမစိုက်ဘူး။ သုံးလို့ရဖို့က လိုရင်းပဲ။

အဲဒီတော့ မြန်မာယူနီကုတ်က တာဝန်ရှိတဲ့သူတွေ စဉ်းစားစေချင်တယ်။ User တွေ ပြောတာနားထောင်ပါ။ မသုံးတတ်သေးတဲ့သူတွေ၊ သုံးရကောင်းမှန်း မသိသေးတဲ့သူတွေကို စည်းရုံးပါ။ အမှားတွေတွေ့လာလို့ ပြောလာရင် သေချာနားထောင်ပြီး ပြင်နိုင်ဖို့ကြိုးစားပါ။ အခုလို ကျောက်ဆင်းတုခေါင်းညိတ်တဲ့ ပုံမျိုးလုပ်မနေပါနဲ့။

အဲဒီလိုပုံမျိုးဆက်လုပ်နေရင်တော့ ကျွန်တော်ကြိုက်တဲ့ ဂျူးအဆိုတော် Yael Naim ရဲ့ This is a happy end / 'Cause you don't understand / Everything you have done / Why's everything so wrong? / This is a happy end / Come and give me your hand / I'll take you far away ဆိုတဲ့သီချင်းလေး ဆိုပြရမှာပဲ။ (အဲဒီဂျူးမမကြီးကို ကြိုက်ရတာကလည်း Apple က Mac Book Air ကြော်ငြာမှာ အဲဒီသီချင်းကို သုံးထားလို့ နားထောင်ရင်း နားထောင်ရင်းနဲ့ နားစွဲသွားတာ။ ဗမာပြည်က ဂျေဒိုးနပ်က သောက်ရှက်မရှိ၊ အဲဒီသီချင်းနဲ့ လိုက်ကြော်ငြာသေးတယ်။)

ဒီ screen shot မှာ ပါတဲ့ Font တွေက မာစတာပိစ်ယူနီစံရယ်၊ မြန်မာသုံးရယ်၊ Yunghkio ရယ်ကိုသုံးပြီး Input Method အနေနဲ့က KeyMagic 1.5 Mac Edition ကို သုံးထားတာပါ။ အဲဒီမှာထူးခြားတာရှိတယ်။ Apple ထုတ် App တွေဖြစ်တဲ့ TextEdit နဲ့ Page မှာတော့ မာစတာပိစ့်ယူနီစံက အကောင်းဆုံးအလုပ်လုပ်တယ်။ လုံးဝမှန်အောင် လုပ်နိုင်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် MS Office 2011 မှာတော့ မြန်မာသုံးက အခြေအနေအကောင်းဆုံးပဲ။ အခြေအနေအကောင်းဆုံးလို့ ပြောရတာက သူလည်းလုံးဝမမှန်သေးဘူး။ သတိထားကြည့်ရင် နဲ့ လိုဟာမျိုး၊ မြို့လိုဟာမျိုးမှာ အောက်ကမြင့်က တစ်ချောင်းငင်တို့၊ နငယ်အမြီးတို့ရဲ့ ညာဘက်ဘေးကို ကပ်သွားရမယ့်အစား သွားပြီးပူးနေတာကို တွေ့မယ်။  Yunghkio ကတော့ ရရစ်ပြဿနာရှိတယ်။ နောက် TextEdit ထဲကို ပြန်ကြည့်ရင် သူ့ရဲ့သဝေထိုးစနစ်လည်း မှားနေတယ်ဆိုတာတွေ့မယ်။ ဥပမာ နေပြည်တော်လေဆိပ်လို့ ရေးထားတဲ့နေရာမျိုးမှာ သဝေထိုးတွေက နောက်ရောက်ကုန်တယ်။ MS Office မှာတော့ သဝေထိုးမှန်တယ်၊ ရရစ်ပဲမှားတာ။ မာစတာပိစ်ယူနီစံကတော့ MS Office မှာ သုံးမရအောင် မှားတယ်။ ဒါတောင် LibreOffice နဲ့ မစမ်းရသေးဘူး။ စမ်းကြည့်ရင် ဘာအမှားတွေ ထွက်လာဦးမလဲမသိဘူး။





ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Thursday, January 5, 2012

အဖြေ

နောက်တစ်ခုရှိသေးတယ်။ ကျွန်တော်တင်ထားတဲ့ ဒါဘယ်သူပြောခဲ့တာလဲ ဆိုတဲ့ပိုစ့်မှာ မေးခဲ့တဲ့ စာရေးဆရာ အမည်လေးပေးဖို့ ကျန်သေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီစာရေးဆရာက ကျွန်တော်ဆိုခဲ့သလိုပဲ ၂၀ရာစု အစောပိုင်းက နာမည်ကြီး အနောက်တိုင်း စာရေးဆရာဗျာ။ ကျွန်တော်က စာရေးဆရာ အမည်ကို သူပါလို့ ပြောလိုက်ရင် သြော်....သူလား သိတာပေါ့ ဆိုပြီး ရိုးရှင်းသွားမှာဆိုးလို့ပါ။


သူဟာ တကယ့်ကို reality ဆန်တဲ့ စာရေးဆရာကြီးတစ်ယောက်ပါ။ သူကို ၁၈၈၂ ခုမှာ ဒပ်ဗလင်ဆိုတဲ့ မြို့မှ အဆင့်နိမ့်အလယ်တန်းလွှာ အိုင်းရစ်မိသားစုကလေးမှ မွေးဖွားလာခဲ့ပြီး သူရဲ့ အမှန်တရားအပေါ်မှာ ဖြစ်တည်တဲ့ ရေးသားခြင်းတွေကြောင့် အလွန်တရာမှ အောင်မြင်ကြော်ကြားခဲ့ပါတယ်။ သူစာပေတွေဟာ War and Peace ကဲ့သို့ အင်္ဂလိပ် ဂန္တဝင်စာပေများအဖြစ် ယနေ့တိုင် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ သူ့စာပေများဟာ ကျွန်တော် ဖေါ်ပြခဲ့တဲ့ ပိုစ့်ထဲက အကြောင်းအရာတွေလိုပဲ အရမ်းကို reality ဖြစ်မှုပေါ်မှာပဲ ရပ်တည်ခဲ့ပါတယ်။ ဒီလောက်ဆို သူအမည် သိကြလောက်ပြီလို့ထင်ပါတယ်။ သူရဲ့ အအောင်မြင် အကျော်ကြားဆုံး ဝတ္ထုတိုကတော့ Dubliners ဖြစ်ပြီး ထိုဝတ္ထုတိုကလေးကို Araby ဆိုတဲ့ မူလဇာတ်လမ်းထဲကအတိုင်း လိုက်ဖက်အောင် ပြင်ဆင်ပြသနိုင်ခဲ့ပြီး အကောင်းဆုံးရုပ်ရှင်တိုဆု ရရှိခဲ့ပါတယ်။ သူ့နောက်ဆုံး နဲ့ နာမည်အကြီးဆုံး ဝတ္ထုတိုကတော့ သေဆုံးခြင်း (The Dead) ဖြစ်ပြီး ၁၉၈၇ ခုနှစ်မှာ ရုပ်ရှင်အဖြစ်ရိုက်ခဲ့ပါတယ်။ သူဟာ ဝတ္ထုတိုရေးရာတွင် သာမက ဝတ္ထုရှည်၊ ကဗျာများကိုလည်း ရေးသားခဲ့ပါသည်။

Friday, November 25, 2011

လက်နဲ့ဖြန့်ခံထား

နေတက် ရေတက်ချိန်လေးမှာ
ဒူးထောက်လက်မှိုင်ချ
သူဟာ...
သီးသန့်ဖြစ်သူတစ်ဦး မျှော်လင့်ချက်မဲ့
အစဉ်မပြေမှုတို့ သိပ်များတယ်
တကယ်ဆို အရှုံးကြီးရှုံးနေခဲ့
ကံဆိုးခြင်းများစွာက ငါ့ခေါင်းပေါ်

မိန်းကလေး...........စိတ်မပျက်ပါနဲ့ ရှိသေးတယ်
ကမ္ဘာကြီးဟာတည်နေသ၍
တနေ့နေ့.............အနားရောက်လာမယ်
မိန်းကလေး ဝမ်းမနည်းပါနဲ့
ရှိသေးတယ် မှီသေးတယ် ခဏလေးပဲ....... ဆုံဦးမယ်

မိတ်ဟောင်းဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန်ကျေးဇူးရှိသူများ အလိုရှိသည်။

ဟန်ဆောင်ကောင်းတဲ့ တံဆိပ်များနဲ့
အံဖတ်အဖြစ် ဝေါ့အံချ
နင်လက်နဲ့ ဖြန်ခံထား စိတ်ကောင်းထား

အလှည့်ကျလို့ ရောက်ရှိတော့မယ်
ကိုယ်ပိုင်နံပါတ်များ
အနိမ့်အမြင့် အတက်အကျက
ဘဝအတွက်ပိုပြီး ကိုင်တွယ်မရပါ
ရိုက်ခတ်မှုအရေး
အသွင်ပြောင်းရင်း လှပစေသော မနက်ခင်းမှာ........။

BIG BAG နှင့် လေးဖြူ

Friday, October 21, 2011

ကမ်းဆင့် လှမ်းလင့်လိုက်တဲ့ လက်များ


   ဒီနေ့ မဒမ်ရေချမ်းတစ်ယောက် ထူးဆန်းနေသည်။ ရေချမ်းကို မနက်စောစောထဲက အင်္ကျီလဲခိုင်းထားပြီး ဒီနေ့ ရေချမ်းတွင် သွားစရာ အစီအစဉ်မရှိရင် သူ့နောက်လိုက်ဖို့ မှာထားသည်။
ရေချမ်းတစ်ယောက်လဲ မဒမ်ရေချမ်း ခေါ်ဆောင်ရာသို့ ဘာမသိညာမသိနဲ့ ကန့်လန့်ကန့်လန့်သာ လိုက်လာရသည်။သူမ ဘယ်ကိုသွားမည်။ ဘာကို လုပ်မည်ကိုမသိ။ သူမလမ်းညွှန်ရာကိုသာ ကားစတီယာတိုင်လေး ကိုင်ရင်းမောင်းနှင်နေရသည်။ စိတ်ထဲမှာတော့ သို့လောသို့လော အတွေးများဖြင့် မဒမ်ရေချမ်းတစ်ယောက် ဘာတွေများ လုပ်လေဦးမလဲ။ ဟိုတခါကလဲ ဘာမပြောညာမပြောနဲ့ လမ်းလျှောက်ထွက်မယ်ပြောပြီး လမ်းရောက်မှ ရုပ်ရှင်ရုံထဲ ရောက်သွားသည်။
    အခုလဲ ရေချမ်းတစ်ယောက် ကားကို ရွှေတိဂုံဘုရားလမ်းပေါ်သို့ ဦးတည်လိုက်ရသည်။ အတွေးထဲမတော့
“အင်း၊ ဒီမိန်းမ စကော့ဈေးမောင်းခိုင်းပြီး ဘာပူဆာဦးမလဲမသိဘူး။”
ယခင် လေဟာပြင်ဈေးအရှေ့သို့အရောက်တွင် -
“ဟိုမှာတွေ့လား။ အဲဒီအဆောက်အဦးဆီကို မောင်း။” သူပြရာ အဆောက်အဦးက အရင်က သွားကောလိပ်နေရာကိုပင်။
ဆေးရုံဝင်းထဲရောက်တော့ ရေချမ်းအတော်ပင် အံ့သြသွားသည်။ ရေချမ်း ဒီနေရာမရောက်တာ အတော်ပင်ကြာခဲ့ပြီ။ ငယ်ငယ်တုန်းကတော့ သွားနှုတ်ဖို့ဆိုပြီး ဒီသွားကောလိပ်ကို အမြဲတစေ လာရလေ့ရှိသည်။ အခုတော့ ဒီသွားကောလိပ်ကြီးပင် ခေတ်စနစ်တွေကြောင့် ပြောင်းလဲသွားခဲ့ရရှာပေပြီ။
“အမျိုးသားသွေးဌာန” ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ရေချမ်းကို ကြိုဆိုနေသည်။ ရန်ကုန်မရောက်ဖြစ်တာလဲကြာပြီ၊ ရောက်ပြန်တော့လဲ ဒီနေရာကို ဖြတ်သွားဖြတ်လာသာ လုပ်ခဲ့တာ ယောင်လို့လှည့်ပင်မကြည့်ခဲ့။ ရေချမ်း၏ ငယ်သွားလေးများ ထိုနေရာမှာပင် အတော်များများ ဆုံးရှုံးခဲ့တာကြောင့် ထိုအဆောက်အဦးကိုမြင်လျှင် ရေချမ်း အတော်စိတ်နာသည်။
သင်္ခါရအပြောင်းအလဲများကြောင့် သွားကောလိပ်မှ  အမျိုးသားသွေးဌာန ပြောင်းလဲသွားသော ထိုအဆောက်အဦးဆီရောက်မှ ရေချမ်းလဲ မဒမ်ရေချမ်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လာသည်။
“ဒီတစ်ခါ ရန်ကုန်ရောက်ရင် သွေးလှုဖြစ်အောင်ကို လှုကြမယ်လေ။”
လွန်ခဲ့သော လေးလလောက်က မဒမ်ရေချမ်းပြောခဲ့သည့် စကားများကို ရေချမ်း ပြန်လည်သတိရလာသည်။ အဲဒီတုန်းကတော့ ဘာလိုလိုညာလိုလိုနှင့်သာ ခေါင်းညိမ့်ခဲ့ရသော်လည်း တကယ်မဟုတ်သေးသဖြင့် ရေချမ်း ခပ်မေ့မေ့ဖြစ်နေခဲ့သည်။
တကယ့်တကယ်တမ်း ရောက်လာပြီဆိုတော့ ရေချမ်း ခေါင်းနပန်းကြီးသွားသည်။ အမှန်ပြောရလျှင် ရေချမ်းသွေးမလှုချင်။ တခါဘူးမျှလဲ မလှုခဲ့ဘူး။ ရေချမ်းငယ်ငယ်ကဆို အပ်နှင့် ဆေးထိုးခံရမည်ကို ကြောက်သဖြင့် ဘယ်လောက်ဖျားနာနာ ဆေးခါးခါးကြီးများကိုပင် ကြိတ်မှိတ်မြိုချခဲ့သည်။
ကြီးလာပြန်တော့လဲ သွေးလှုတန်းတယ်ဆိုတာ သတင်းစာတွေမှာ တွေ့ဖူးတာသာရှိခဲ့သည်။ ရေချမ်းနေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သွေးအလှုခံတာတို့၊ သွေးလှုဖူးတဲ့လူဆိုတာတို့ မမြင်ခဲ့၊ မဆုံခဲ့ပေ။
မဒမ်ရေချမ်းသာ သူအရင်အလုပ်မှာ သွေးလာအလှုခံတုန်းက သွားလှုခဲ့ဖူးသည်။ သူကတော့ အမြဲတမ်း ရေချမ်းကို သွေးသွားလှုမယ်လို့သာ ပြောပြောနေတာ ရန်ကုန်ရောက်တိုင်း အခြားကိစ္စတွေနှင့် သွေးလှုဖို့ကို မလှည့်ဖြစ်ခဲ့ကြပေ။ ရေချမ်းကလည်း ဆေးရုံဆေးခန်းဆို သိပ်မသွားချင်ဆိုတော့ ဒီအကြောင်းကို သူမဖာသာ မေ့မေ့ပြောက်ပြောက် နေပါစေသဘောမျိုးနဲ့ အစမဖေါ်ပေးခဲ့။
ရေချမ်းတစ်ယောက် အဆောက်အဦးအဝင်ဝမှာတင်
“ငါ သွေးမလှုချင်ဘူးနော်၊ နင်ဘဲလှု၊ ငါက နင်ကုသိုလ်ရအောင် လိုက်ပို့ပေးတာ။”
“ အင်းပါ….. ကျမ ဘာသာ လှုမှာပါ။ ရှင်သာ သားအကြီးနဲ့ စောင့်နေခဲ့။”
 အမျိုးသားသွေးဌာနထဲသို့အဝင် ရေချမ်း အဝလေးမှာ ငုတ်တုတ်ထိုင်နေကြတဲ့ မိန်းမနှစ်ယောက်နဲ့ ကောင်ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဘာရယ်ကြောင့်မှန်းတော့မသိ ရေချမ်း သူတို့ကို သေချာသတိထားမိသွားသည်။ သတိထားမိတာက သူတို့ရဲ့ တစ်ခုခုကို စိုးရိမ်နေတဲ့ မျက်နှာတွေ။ အဝတ်အစားလေးတွေကလည်း ခပ်နွမ်းနွမ်းလေးတွေ။ သူတို့ပုံစံက ဂျီအီးစီမှာ ဆန်ထုတ်ထုတ်ဖို့ စောင့်နေသူလို မျက်နှာမျိုးလည်းမဟုတ်၊ ရုပ်ရှင်လက်မှတ်မရမှာစိုးလို့ တန်းစီးစောင့်နေကြတဲ့သူလိုလဲ မဟုတ်၊ တခုတခုကို စောင့်နေတာတော့ သေချာသည်။ အသက်ကြီးကြီး အမျိုးသမီးကြီးက ခဏနေ ထိုင်လိုက်၊ ခဏနေ ထလိုက်နှင့်။
“အမေကလည်း ခဏစောင့်လို သူတို့ကပြောထားတယ်လေ။”
“ဟဲ့ သူတို့ခဏလည်း သေချာလား၊ မသေချာလားမသိ။ ဟိုက ဆရာဝန်ကြီးကလည်း ဒီနေ့လည် ထမင်းစားချိန် မကျော်မှီ ရရမယ်လို့ ပြောတယ်မဟုတ်လား။”
“အင်းပါ အမေရယ်။ ကျမတို့လဲ ဒီကို မနက်စောကြီးထဲက လာစောင့်နေတာပဲ။ အခုလဲ သူတို့က ကျမတို့လိုတဲ့သွေး မနေ့က ကုန်သွားလို့ တပြင့်သွေးဌာနတွေဆီ ရမရ ဖုန်းဆက်မေးနေတာပဲ။ ”
ရေချမ်းလဲ သားအကြီးကောင်ကို ထိန်းရင်း ထိုအမျိုးသမီးနှစ်ယောက် ပြောဆိုနေတာကို တစွန်းတစကြားလိုက်ရသည်။ သူတို့အပြောအရ သူတို့နှစ်ယောက် သားအမိဆိုတာရယ်၊ သွေးအိတ်လာ စောင့်နေတာရယ် သိလိုက်ရသည်။ သူတို့က ဘာကြောင့် ဒီလောက်တောင် စောင့်နေရတာလည်းဟု ရေချမ်း သိချင်သွား၍…..
“ဒီက အမတို့က ဘာကိုစောင့်နေကြတာလဲ။ သွေးက လိုချင်တိုင်းမရဘူးလား။”
“ဒီမှာကလည်း သွေးကို လိုသလောက်မရဘူး။ တနေ့မှ နှစ်ပုလင်းထဲ ရနိုင်တာ။ အဲဒီနှစ်ပုလင်းကလည်း သူတို့မှာ ရှိဦးမှ။ ကျမယောင်္ကျားက ရန်ကုန်ဆေးရုံးကြီးမှာ သွေးကင်ဆာနဲ့ ရောက်နေတာ။ ကျမတို့က သူ့အတွက်သွေးကို ဒီမှာအမြဲလာယူရတယ်။”
“အပြင်မှာကော ဝယ်လို့မရဘူးလား။”
“ရပါတယ်ကွယ်။ အပြင်မှာက သွားဝယ်ရင် ဈေးကြီးတယ်။ ဒီမှာ အမတို့က သွေးတစ်အိတ်ကို သုံးထောင်ပဲပေးရတာ။ ယောင်္ကျားကလည်း သွေးသွင်းဖို့ ဘယ်လောက်ကုန်ဦးမလဲ မသိဘူး။ အရင်နေ့တွေက ငွေမပေးနိုင်ရင်တောင် သွေးလှုမယ်သူကို ကိုယ်တိုင်ရှာလာပေးရင် သူတို့က သွေးထုတ်ပေးတယ်။ အခုဟာကလည်း ကျမတို့က နယ်ကဆိုတော့ သွေးလှုပေးမယ့်အသိတွေကလည်း သိပ်များများစားစားမရှိတာရယ်။ အပြင်မှာ ဝယ်ဖို့ဆိုတာကလည်း သွေးအိတ်ဈေးက ကြီးကကြီးနဲ့ဆိုတော့ သူတို့ အမျိုးသားသွေးဌာနက ပေးတာကိုပဲ ကျမတို့လည်း မျော်နေကြရတာ။”
“အမ ယောင်္ကျားက ဘာသွေးအမျိုးအစားမို့လို့လဲ။ သူတို့မှာကော  အမျိုးသားသွေးဌာနဆိုပြီး သွေးမရှိတော့လို့လား။”
“ကျမယောင်္ကျားသွေးက ‘အို’ သွေးပါ။ သွေးက မနေ့ညနေတုန်းကတည်းက ကုန်ခါနီးနေပြီလို့ ပြောနေတာ။ သူတို့က တခြားနေရာတွေကနေ ရမရ ဖုန်းဆက်မေးနေတယ် ပြောတာပဲ။ အဲဒါကျမတို့လည်း မနက်ကတည်းက သွေးနှစ်အိတ်အတွက် စောင့်နေတာ။ အခုထိတောင် ကျမတို့တတွေ မနက်စာတောင်မစားခဲ့ရသေးဘူး။”
ရေချမ်း သူတို့မိသားစုလေးကို ကြည့်ပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။ လောကမှာ အရာရာတိုင်းကို ငွေရှိတာတောင် ဝယ်လို့မရ၊ ဝယ်ချင်လို့ ငွေရှိပေမယ့်လည်း ဝယ်မည့်အရာက ရှိနေဦးမှပါလား။ သူတို့လိုတာ ‘အို’ သွေးတဲ့။ ရေချမ်း မိမိကိုယ်မိမိ မလုံသလို ခံစားလိုက်ရသည်။ ရေချမ်း သွေးအမျိုးအစားကလည်း ‘အို’ သွေးပဲမဟုတ်လား။
တချို့တွေက သူတို့သွေးတွေကို အကြိမ် ရာထောင်မက လှုတန်းနေကြတဲ့ အချိန်မှာ ရေချမ်းလိုမျိုးကျတော့လည်း ကိုယ့်သွေးကို ကိုယ်နှမြောတာလား၊ သွေးလှုရမှာကို တွန့်ဆုတ်နေတာလား ဝေခွဲမရဖြစ်နေတယ်။ ကိုယ်ကိုတိုင်ကရော အမှန်တကယ် သွေးသွင်းဖို့ လိုအပ်လာတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့သွေးမရနိုင်တာ၊ မရှိတာဆိုတဲ့ အဖြစ်မှ ရေချမ်း မကြုံဘူးတာ။ ငွေရှိရင် သွေးဆိုတာ ဝယ်ဖို့ လွယ်လွယ်လေးပဲဟု ရေချမ်း ထင်နေမိခဲ့တာ။
တကယ်လို့သာ ထိုမိသားစုလေးလို အခြေအနေဆိုရင်ကော သွေးလှုတန်းနေကြသူတွေ အများအပြား ရှိနေကြပါလျှက်၊ သွေးဝယ်လို့ရနိုင်တဲ့ နေရာတွေ ပေါများပါလျှက်၊ ဘဝပေးအခြေအနေအရကော၊ တိုက်ဆိုင်မှုတွေအရကော အလွယ်တကူ သွေးမရရှိနိုင်ခဲ့ပါလျှင် ရေချမ်း ဘာလုပ်ရမလဲဟု တွေဝေစဉ်းစားမိသွားသည်။
ရေချမ်းလဲ သားကို သူ့အဖိုး ရေချမ်းအဖေနဲ့ အပြင်မှာထားခဲ့ပြီး မဒမ်ချမ်းရှိရာ  အမျိုးသားသွေးဌာနထဲသို့ လိုက်ဝင်သွားသည်။ မဒမ်ချမ်းတစ်ယောက် သွေးအလှုခံဌာနအဝရှိ Reception စားပွဲတွင် ဖောင်တစ်စောင်ဖြည့်နေရင်း အလုပ်ရှုပ်နေသည်။ သူမနောက်ကနေ ရေချမ်း မရောင်မလည်နှင့် စောင့်နေပြီး သူမဖောင်ဖြည့်ပြီးနောက် သွေးရည်ကြည်စစ်တဲ့နေရာကို လိုက်သွားသည်။
ထိုနေရာလေးမှာ တာဝန်ကျ ဆရာဝန်မလေးနဲ့ အကူအမျိုးသမီးက စားပွဲလေးမှာထိုင်စောင့်ရင်း မဒမ်ချမ်းရဲ့ လက်ချောင်းထိပ်ကလေးကို တခါသုံးအပ်ကလေးနဲ့ ဖောက်လိုက်ပါတယ်။
“အရင်တုန်းကရော သွေးလှုဖူးလားရှင့်။”
“ ဟုတ်။ ကျမအရင်တုန်းက လှုဖူးပါတယ်။ ဒီမှာတော့ မဟုတ်ဘူး။ အလုပ်မှာ သွေးအလှုခံအဖွဲ့ လာတုန်းကပါ။”
လက်ဖျားပေါ်မှာ သွေးစက်လေး စို့ထွက်လာတော့ သူတို့စားပွဲပေါ်မှာ တင်ထားတဲ့ အပြာရောင်ပုလင်းထဲကို မဒမ်ချမ်းရဲ့ သွေးစက်ကလေးကို ညှစ်ချလိုက်ပါတယ်။ သွေးစက်ကလေးက အပြာရောင်အရည်ပေါ်မှာ အောက်မကျပဲ ပေါလောပေါ်နေပါတယ်။ ဆရာဝန်မလေးက မဒမ်ချမ်းမျက်နှာကို ကြည့်ပြီး
“အမ သွေးလှုလို့ မရဘူးရှင့်။ အမသွေးက အောက်ကျမသွားပဲ အခုလို ပေါ်နေလိုရှိရင် သွေးလှုလို့မရနိုင်သေးရှင့်။ အမမှာ ဟေမိုဂလိုဘင် ခေါ်တဲ့ သံဓာတ် အားနည်းနေပါတယ်။”
“ ဟင်… ဒါဆို ကျမ သွေးလှုလို့မရသေးဘူးပေါ့။ ဘယ်တော့လောက်ရမှာလဲ။”
“မပူပါနဲ့။ ကျမတို့ အမကို သံဓာတ် အားကောင်းလာမယ့်ဆေး ပေးလိုက်ပါ့မယ်။ ဒီဆေးသောက်ပြီး နောက်နှစ်ပတ်လောက် ကြာရင် ကျမတို့ဆီ ပြန်လာခဲ့ပါ။ နောက်ပြီး အမ ဒီကြားထဲ အစားမှန်မှန်၊ အအိပ်မှန်မှန် နေပါ အမ။”
မဒမ်ချမ်း မျက်နှာလေး ညှိုးသွားပြီး ရေချမ်းဆီသို့ ဖြစ်မှဖြစ်ရလေ ဆိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါတယ်။
“ ခဏ…. အမ။ သူ့သွေးလှုလို့မရနိုင်ဘူးဆိုရင် ကျွန်တော်ဆီကရော…..”
ရေချမ်း လက်ကို ဆရာဝန်မလေးဆီကို လှမ်းပေးလိုက်ပါတယ်။ ရုတ်တရက်ကြီး ရေချမ်း အပြုအမူကို မဒမ်ချမ်းကတော့ အံ့သြတဲ့ အမူအရာနဲ့ကြည့်ရင်း သူပဲ အရင်ကတော့ သွေးမလှုဘူးဆိုပြီး အဝင်ဝမှာတောင် ကပ်ကျန်နေခဲ့တဲ့လူ အခုကျတော့လဲ …. ဆိုတဲ့ မျက်နှာပေးနဲ့ ပျော်ရွှင်ကြည်နူးတဲ့ အမူအရာများ မဒမ်ချမ်းမျက်နှာပေါ် လွှမ်းခြုံသွားပါတယ်။
ဆရာဝန်မလေးကလည်း သူရှေ့ရောက်လာတဲ့ ရေချမ်းလက်ဖျားကို တခါသုံးအပ်ကလေးနဲ့ ဖောက်ပြီး အပြာရောင်အရည်ထည့်ထားတဲ့ ခွက်ကလေးထဲ သွေးစက်များကို ထည့်လိုက်ပါတယ်။ အံ့သြဖို့ကောင်းတာက မဒမ်ချမ်းတုန်းက သူမသွေးစက်တွေကို အတော်လေး ညှစ်ယူလိုက်ရပေမယ့် ရေချမ်းအလှည့်ကျတော့ သွေးစက်လေးတွေ လက်ဖျားပေါ်မှာ စီးလာပြီး ခွက်လေးထဲ ကျသွားပါတယ်။
ရေချမ်းသွေးစက်တွေဟာ အပြာရောင်ခွက်ကလေးထဲလဲ ကျသွားရော ခွက်အောက်ခြေအထိကို နစ်ဆင်းသွားပါတော့တယ်။ သွေးစစ်တဲ့ ဆရာဝန်မလေးကလည်း ပြုံးပျော်တဲ့ မျက်နှာနဲ့
“ဒီက အကိုသွေးက လှုလို့ရပါတယ်။ ကျမတို့ အကိုကို ဖောင်ပေးလိုက်မယ်။ သွားဖြည့်ပေးပါနော်။ ပြီးရင် ဟိုဘက်က ကွန်ပြူတာစာရင်းသွင်းတဲ့ နေရာလေးကို သွားပေးပါ။”
“ အို.. သူကျတော့ရပြီး ကျမ ကျတော့…..”
“ဒီလိုဖြစ်တတ်ပါတယ် အမရယ်၊ အမက သံဓာတ်များတဲ့ အစားအစားများများ စားပေးပေါ့။ နောက်ပြီး လာမလှုခင် အိပ်ရေးမဝဘူး ဆိုရင်လည်း ဖြစ်တတ်တယ်။ ဒီမှာ ကျမတို့ အမကို သွေးမလှုခင် ဘာတွေလိုအပ်တယ်၊ ဘာတွေ လုပ်ရမည်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ပေးလိုက်မယ်။ လိုရမယ်ရပေါ့။”
ဆရာဝန်မလေးက မဒမ်ချမ်းကို  အမျိုးသားသွေးဌာနက ထုတ်တဲ့ လက်ကမ်းစာစောင်လေးရယ်၊ ဟေမိုဂလိုဘင်(Haemoglobin) အားကောင်းစေမယ့် ဆေးပြားလေးတွေ ထည့်ထားတဲ့ အထုတ်နှစ်ထုတ်ရယ် ပေးလိုက်ပါတယ်။
“ကျမ မလှုလိုက်ရပေမယ့်လည်း ကုသိုလ်ရအောင် ရှင့်ဖောင်ကို ကျမ ကူဖြည့်ပေးမယ်”
ဟုဆိုကာ မဒမ်ချမ်းတစ်ယောက် ရေချမ်းဆီက ဖောင်ကိုယူပြီး သူမကိုယ်တိုင် ဖြည့်ပေးပါတယ်။
“ခုနတုန်းကတော့ မလှုဘူးဆိုပြီး အခုကျတော့ ဘာစိတ်ကူပေါက်သွားတာလဲ။”
“ငါလဲ မင်းမလှုလိုက်နိုင်သေးလို့ ငါသွေးဆိုရင်ကော ရမလားလို့ပါ။ ပေးပါ ငါဖောင်ငါ ကိုယ်တိုင်ဖြည့်ကြည့်ဦးမယ်။”
ရေချမ်းတစ်ယောက် မဒမ်ချမ်းကိုသာ ပြောနေတယ် သူ့မျက်လုံးများကတော့ အစောက အဝင်ဝမှာ တွေ့ခဲ့တဲ့ မိသားစုကို ရှာဖွေမိသေးတယ်။ သူတို့တွေကော လိုအပ်တဲ့သွေးအိတ် ရသွားကြပြီလားလို့။ သူတို့သုံးယောက် သွေးမရသေးဘူးထင်တယ် အပေါက်ဝလေးမှာ ထိုင်စောင့်နေကြတုန်းပဲ။
ရေချမ်း ဖောင်ဖြည့်တော့ မေးထားတာ အစုံပါပဲ။ အရင်က သွေးလှုဖူးလား။ ဆေးထိုးဖူးလား။ မူးယစ်ဆေးဝါးသုံးစွဲ ဖူးလား။ အပျော်အပါးလိုက်စား ဖူးလား။ ဆေးမှင်ကြောင်ထိုးဖူးလား။ နားကပ်ဖောက် ဖူးလား။ သွေးသွင်း ဖူးလား စသည်ဖြင့် မေးခွန်းပေါင်းများစွာရယ်၊ ကိုယ့်နေရပ်လိပ်စာရယ် ဖြည့်လိုက်ရတယ်။
ဖောင်ဖြည့်ပြီးတာနဲ့ စာရင်းသွင်းတဲ့ နေရာကို ဖောင်လေးယူသွားတော့
“အကို မှတ်ပုံတင်လေး တဆိတ်လောက်”
“ဟိုက်…” ဒုက္ခပဲ။ မှတ်ပုံတင်က အိမ်မှာ ကျန်ခဲ့ပြီ။ အရေးထဲကျမှ အရာပေါ်နေပြီ။ မှတ်ပုံတင်လိုမလို သိမှမသိပဲကို။ အစကတည်းကလည်း မဒမ်ချမ်းပဲ သွေးလှုမှာဆိုတော့……
“ မပါလာဘူး ခင်ဗျာ့။”
“ ရှင်ကလည်း မြန်မာပြည်မှာနေပြီး။ မှတ်ပုံတင်မပါရင် ကားလိုင်စင်ထုတ်ပြ လိုက်လေ။ အတူတူပါပဲ။”
မဒမ်ချမ်းက အနောက်မှ လှမ်းသတိပေးသည်။ ဟုတ်ပါရဲ့။
“ ကားလိုင်စင်ကော ရမလား။”
“ဟုတ်ကဲ့ ရပါတယ်။”
တော်ပါသေးတယ်။ ကျေးဇူးတင်လိုက်မိပါရဲ့ မဒမ်ချမ်း ဖြတ်ထိုးဥာဏ်ကို။
“အစ်ကို ပထမဆုံးသွေးလှုတာလား။”
“ဟုတ်ကဲ့”
စာရင်းသွင်းနေသည့် ကောင်မလေး၏အမေးကို ဖြေလိုက်ရင်း ပထမဆုံး သွေးလှုဖူးတယ်ပြောရတာ ကိုယ်ဘာသာ ရှက်သလိုလို စိတ်မလုံမလဲ ဖြစ်လာသည်။ စာရင်းသွင်းတာကို စောင့်ရင်းနဲ့မှ
“အစ်မ ဟိုလေ…. ဟိုအပေါက်ဝက အမျိုးသမီး နှစ်ယောက်က သူတို့ သွေးဝယ်ဖို့ စောင့်နေကြတယ်ပြောတယ်။ အဲဒါ ကျွန်တော့်သွေးကို သူတို့အတွက် လှုရင်ရမလား။”
“ကျမတို့က စာရင်းလက်ခံတာဆိုတော့ သေချာမသိဘူး။ အစ်ကို သွေးလှုပြီးသွားမှ သွေးထုတ်တဲ့ဌာနမှာ သွားပြီး ပြောပြလိုက်လေ။ သူတို့က အစ်ကို ပြောသလို ဆောင်ရွက်ပေးပါလိမ့်မယ်။ အခု အစ်ကို ဟိုဘက်အခန်းထဲက ဆရာဝန်ကြီးရဲ့ လက်မှတ်ယူလိုက်ပါဦးရှင့်။ ပြီးရင် ကျမတို့ဆီကိုပဲ ပြန်လာခဲ့ပါ။”
သူပြန်ပေးလိုက်တဲ့ ဖောင်လေးကိုယူရင်း သူမညွှန်ပြလိုက်တဲ့ အခန်းဘက်ကို သွားရပါတယ်။ အခန်းအဝရောက်တော့ ဆရာဝန်ကုတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေပါတယ်။ ရေချမ်းလဲ ဝင်ခွင့်တောင်းတဲ့ အမူအယာပြရင်း ဆရာဝန်မကြီး စားပွဲဘေးက ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
“အရင်က သွေးလှုဖူးလား။”
“ဟင့်အင်း…. ဒါ… ပထမဆုံးအကြိမ်ပါ”
ဆရာဝန်မကြီးက ရေချမ်းလှမ်းပေလိုက်သော စာရွက်ပေါ်မှ အချက်အလက်များကို သေချာချာဖတ်ကြည့်နေရင်းမှ
“အရင်က အသားဝါဖြစ်ဖူးတယ်လို့ ရေးထားတယ်။ ဘယ်တုန်းကလည်း။ အခုရော ဘာဆေးဝါးတွေများ မှီဝဲနေသလဲ။”
“ငယ်ငယ်တုန်းကပါ။ အတိအကျပြောရရင် ကျွန်တော်မွေးမွေးခြင်းတုန်းက အသားဝါပါလာတာပါ။ အခုကြီးမှတော့ တခါမှပြန်မဖြစ်တော့ပါဘူး။”
“သြော်…. ဒါလား။ အဲဒါဆို မိဘနှစ်ပါးလုံးက အိုသွေးတွေပေါ့။ အဲဒါကြောင့်ပါ။ အခုမရှိရင် သွေးလှုလို့ရပါတယ်။ ကျမတို့ဆိုလိုတာက အသည်းရောင် အသားဝါရောဂါကို ဆိုလိုတာပါ။”
ဆရာဝန်မကြီးက ရေချမ်းကို သွေးပေါင်ချိန်စစ်ဆေးခြင်း ပြုလုပ်ပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ရေချမ်းလဲ ဖောင်ပေါ်မှာ လက်မှတ်လဲရရော စာရင်းလက်ခံတဲ့နေရာကို ပြန်သွားပြီး သူတို့ထုတ်ပေးတဲ့ သွေးထုတ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သွေးလှုမှတ်တမ်းကတ်ပြားလေး ထုတ်ပေးပါတယ်။
“ဒီကတ်ပြားလေးက နောက်တခါလာလှုရင် ယူလာခဲ့ပါ။ ဒီပစ္စည်းတွေ ယူသွားပြီး ဟိုဘေးက အခန်းထဲ ဝင်သွားလိုက်ပါ။”
သူမညွှန်ပြလိုက်တဲ့ အခန်းဝရောက်တော့ အခန်းတံခါးလေးစေ့ထားပါတယ်။ အခန်းဝမှာတော့ သွေးလှုခန်းမလို့ ရေးထားတော့ ရေချမ်းလည်း စိတ်နဲနဲ လှုပ်ရှားသွားပါတယ်။စေ့ထားတဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အေးမြရှင်းသန့်နေတဲ့ လေအေးတချို့က ရေချမ်းမျက်နှာကို ဖြတ်သန်းဆီးကြိုလိုက်တယ်။
အထဲမှာတော့ ဆေးရုံကုတင်တွေလို ရှစ်လုံးလောက်ရှိမယ်ထင်တယ်။ နောက်ထူးခြားတာက သွားဆေးခန်းတွေကလို ဆိုဖာနဲ့ ဆုံလည်ကုလားထိုင် တစ်လုံးလည်းတွေ့ရတယ်။ ရေချမ်းဝင်သွားတော့ အနီဝတ် သူနာပြုဆရာမလေး တစ်ယောက်က ရေချမ်းဆီကို လျှောက်လာပြီး ရေချမ်းလက်ထဲမှ သွေးလှုရန်သုံးမည့် သွေးအိတ်အလွတ်ကို လှမ်းယူရင်း နဘေးက ကုတင်အလွတ်ပေါ် လှဲဖို့ အချက်ပြလိုက်ပါသည်။
ရေချမ်းလဲ အတွေ့အကြုံသစ်ကို ရင်ဖိုနေသူမို့ ဘာစကားမှတောင်မပြောနိုင်ပဲ သူနာပြုဆရာမလေး ညွှန်ပြတဲ့ ကုတင်ပေါ် တက်ရင်း ပက်လက်လှန် အိပ်လိုက်ပါတယ်။ ဘယ်ဘက်လက်ဖျံကို ဆန့်ပေးလိုက်ရင်း မျက်လုံးကို အသာမှိတ်ထားလိုက်ပါတယ်။ သူနာပြုဆရာမလေးက လက်မောင်းကို ဂွမ်းစလေးနဲ့ ပွတ်လိုက်တာ၊ လက်မောင်းရင်ကို ရာဘာကြိုးပြော့လေးနဲ့ စီးနှောင်လိုက်တာ၊ အသားထဲကို ဆေးထိုးအပ်ကလေး ထိုးစိုက်ဝင်လာတာတို့ကိုတော့ ရေချမ်း မျက်စိမှိတ်ထားပေမယ့် အတွေ့တို့က သိနေပါတယ်။
ရေချမ်းကိုယ်ထဲက သွေးတွေ ဘယ်လိုအပြင်ကို ရောက်သွားသလဲတော့ မသိ။ (အလွန်ဆုံးရှိမှ ငါးမိနစ်လောက်ပင် ရှိမည်ထင်တယ်) ခဏကြာတော့ ဆရာမလေး ပြန်ရောက်လာပြီး
“ကဲ…. ပြီးသွားပြီ၊ မျက်စိမဖွင့်နဲ့ဦး၊ ငါးမိနစ်လောက် မျက်လုံးမှိတ် အနားယူလိုက်ဦး။ သွေးလှုလှုပြီးခြင်း ရုတ်တရက်ထရင် မူးတတ်လို့။”
“ဆရာမ ဒီတခါလှုပြီးသွားရင် ဘယ်တော့လောက် နောက်တခါ လာလှုလို့ရပြီလဲ။”
“နောက်လေးလလောက်ဆိုရင် လာလှုလို့ရပြီ၊ လူတစ်ယောက်က တစ်နှစ်မှာ သွေးသုံးကြိမ်ကနေ၊ လေးကြိမ်လှုလို့ရတယ်။”
ရေချမ်း မျက်စိလေး အသာပြန်မှိတ်ထားရင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်နေလေရဲ့။ မလှုခင်တုန်းက စိတ်လှုပ်ရှားမှုတွေ ဘယ်ဆီဘယ်ရောက်မှန်း မသိ၊ ကြက်ပျောက်ဌက်ပျောက် ဖြစ်ကုန်သည်။ နောင်လဲ သွေးလာလှုရဦးမယ်ဆိုတဲ့ အသိစိတ်လေးကတော့ သိသိသာသာ ပေါ်လာသည်။ အရင်တုန်းက ဒီလိုလွယ်ကူမယ်၊ ဒီလိုလှုလို့ရတယ်များ သိရင်ခဲ့ရင်လေ ဆိုသောအသိများ၊ မိမိလို သွေးလှုရမှာကို မသိတဲ့သူ၊ စိတ်မဝင်စားတဲ့သူ၊ သိရက်နဲ့ မလှုတန်းတဲသူ၊ သွေးလှုရမှာကို အထင်မှား အမြင်မှားတွေနဲ့ ကြောက်နေသူများကိုပါ သွေးလှုဖို့ အသိလေးရသွားခဲ့ရင် ဆိုတဲ့ စိတ်တွေသာ ရေချမ်းစိတ်မှာ ဆက်တိုက်ဖြစ်ပေါ်နေလေသည်။
နောက်ပြီး ငါ့သွေးနဲ့ တကယ့်ကို သွေးလိုနေတဲ့ ရောဂါသည်တွေ၊  အမျိုးသားသွေးဌာန အဝင်ဝမှာတွေ့ခဲ့တဲ့ မိသားစုလို သွေးအရေးပေါ် လိုနေတဲ့သူတွေ၊ သွေးလွန်တုတ်ကွေးကြောင့် အမှန်တကယ် သွေးသွင်းဖို့လိုအပ်လာတဲ့ အချိန်တွေမှာ အသုံးချနိုင်ခဲ့မယ်ဆိုတဲ့ အတွေးပီတိတွေ ရေချမ်းကိုယ်ထဲ စီးဝင်လာပါတယ်။
 ဒီလိုအခြေအနေတွေ၊ ဒီလိုအချိန်တွေမှာဆိုရင် တကယ့်ကို သွေးလိုအပ်နေသူတွေရဲ့ ဒုက္ခအဖြစ်သနစ်တွေကို နားလည်သဘောပေါက်မိရင် ရေချမ်း အရင်က သွေးမလှုချင်ခဲ့တဲ့ ကိုယ့်စိတ်ကိုကိုယ် နောင်တရ ဝေဖန်နေမိတော့တယ်။
ငါးမိနစ်လောက်ကြာတော့ ရေချမ်းမျက်စိဖွင့်ပြီး ကုတင်ပေါ် ထထိုင်လိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ အရင်က ရေချမ်းဝင်လာခါစက တစ်ယောက်ထဲ အခု ရေချမ်းကုတင် ခပ်လှမ်းလှမ်းမှာ နောက်ထပ် သွေးအလှုရှင် နှစ်ယောက်လောက်ကို ထပ်တွေလိုက်ပါတယ်။
“ခေါင်းမူးလား။ ဘာမှမဖြစ်ဘူးဆိုရင် သွားလို့ရပါပြီ။ နောက်ပြီး ဒီအဆောင်ရဲ့အနောက်မှာ ကန်တင်းရှိတယ်။ အဲဒီမှာ သွေးအလှုရှင်တွေကို အဟာရဖြစ်အောင် ဆေးနဲ့ အစားအသောက်တွေ ကျွေးတယ်။ သွားစားလိုက်ပါဦး။”
ရေချမ်းတစ်ယောက် အစာဆိုတဲ့ အသံကြားလိုက်ရတော့ စိတ်ဝင်စားသွားသည်။ “ဒီကိုလာခဲ့သမျှ ဒီအစီအစဉ်တော့ အကြိုက်ဆုံးပဲ။” စိတ်ထဲမှာလဲ ကန်တင်းဆိုတော့ ရှယ်ပဲနေမှာလို့။ ရေချမ်းခြေလှမ်းများက ပေါ့ပါးသွက်လက်စွာ အစားအသောက် ကျွေးမွေးရာ အဆောင်အနောက်ဘက် ကန်တင်းဆီ ဦးတည်လိုက်ပါသည်။
ရေချမ်းတို့များ အစာဟေ့ဆိုတာနဲ့ ပါရမီဖြည့်ဖက် မဒမ်ချမ်းကိုတောင် မေ့မလိုဖြစ်သွားတယ်။ ဆော်ရီးပါ။ သွေးလှုခန်းက ရေချမ်းထွက်လာတာနဲ့ မဒမ်ချမ်းက
“အို…. မြန်လိုက်တာ။”
“ဟုတ်တယ်။ သွေးထုတ်လိုက်တာ ခဏလေးပဲ။ ဒါတောင် ဆရာမက သွေးလှုလှုပြီးခြင်း ခဏလောက် မှိန်းနေရမယ်ဆိုလို့ လှဲနေတာ။”
“ဟုတ်လား။ သွေးအားကောင်းလို့ထင်တယ် မြန်တာ။ ကျမအရင် သွေးလှုတုန်းကဆို ဆယ်ငါးမိနစ်လောက်တောင်ကြာ သွားတယ်။ ပြီးတော့ အလုပ်ထဲမှာ သွေးလှုပြီးတဲ့သူတွေကို အဟာရပြန်ပြည့်အောင်ဆိုပြီး ဘူဖေးကျွေးသေးတယ်။”
“ဟုတ်တယ်။ ဒီမှာလဲ ကျွေးတယ်ပြောတယ်။ လာ…လာ”
ရေချမ်းလဲ အနောက်ဘက် ကန်တင်းဆီသို့ မဒမ်ချမ်းအားခေါ်ပြီး ဦးတည်လိုက်သည်။
ကန်တင်းတဲ့။ ရေချမ်း ထင်သမျှ ကန်တင်းတကာ့ ကန်တင်းထဲမှာ ဒီကန်တင်းအသေးဆုံး ဖြစ်မည်။ ဆက်တီတစ်စုံသာရှိပြီး ကောင်တာပေါ်မှာလည်း ဘာစားစာရာမျှ မယ်မယ်ရရ မတွေ့။ ကော်ဖီခွက်အလွတ်တချို့သာရှိသည်။ ရေချမ်းလဲ ပြန်လှည့်ရနိုး ထိုင်ရနိုးနဲ့
“သွေးအလှုရှင်လား”
ရေချမ်း ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်တာမှ အမျိုးသမီးက သိပ်အလုပ်ရှုပ်နေပုံရသည် ထိုင်ခုံမှ ဖြေးညင်းစွာထပြီး ရေချမ်းကို အရှေ့ဆက်တီမှာ ထိုင်ဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းဆတ်ပြလိုက်သည်။ သူပုံကတော့ အဝယ်မလိုက်တဲ့ ဈေးဆိုင်က အရောင်းစာရေးမလိုပါပဲ။ ဝယ်သူလာရင်တောင် သူတို့အတွက် ရှားပါးပစ္စည်း တစ်မျိုးလိုမျိုး။
ကောင်တာမှ အမျိုးသမီးက ကော်ဖီတစ်ခွက်ရယ်၊ ကိတ်မုန့်တစ်ချပ်ရယ်၊ ကြက်ဥ အစိမ်းတစ်လုံးရယ်၊ နောက် မဒမ်ချမ်းရခဲ့တဲ့ ဖျုရာမင်းဘီစီလို သွေးကောင်းဆေးတစ်ထုပ်ရယ် လာချပေးသည်။ ရေချမ်းလဲ လာချပေးသမျှ အားတောင့်အားနားစွာနဲ့ အပြတ်စားလိုက်ရင်း။ 
“ဒီမှာ သွေးလာလှုတဲ့လူ များလား အဒေါ်”
“တခါတလေလဲများတယ်။ အမြဲတမ်းသွေးအလှုရှင်တွေ၊ အဖွဲလိုက် သွေးလာလှုတဲ့သူတွေ လာရင်တော့ များပါတယ်။ ကျန်အချိန်တွေမှာတော့ အခုလို မနက်အစောပိုင်းဆို သွေးအလှုရှင် သိပ်မရှိတတ်ဘူး။”
“ကျွန်တော် စာစောင်တွေ သတင်းစာတွေမှာတော့ သွေးအလှုရှင်တွေ အများကြီးတွေ့တွေ့နေတာပဲ။”
“ဒီလိုမောင်ရင်တွေတာ များပေမယ့်လည်း တကယ်သွေးအလှုရှင်စာရင်းက သိပ်များတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး လူဦးရေနဲ့ တွက်ကြည့်မှ ငါးရာခိုင်နှုန်း လောက်ပဲရှိတာ။”
“သြော်… ဒါဆို အတော်နဲသေးတာပေါ့နော်။”
“ဟုတ်တယ်။ ဒီ အမျိုးသားသွေးဌာနကလည်း မကြာမကြာ နယ်တွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ လိုက်ပြီး သွေးအလှုခံရတယ်။ ဒီမှာ လာလှုကြတာတွေကတော့ သိတဲ့လူတွေပဲများပါတယ်။ တချို့တွေက သိရက်နဲ့ လာမလှုနိုင်တာတွေ၊ လာလှုခွင့်မရှိတာတွေ၊ လာလှုရက်နဲ့ သွေးက လက်ခံလို့မရတာတွေ၊ အခြေအနေ အမျိုးမျိုးပေါ် မူတည်တာပေါ့လေ။”
-----------------------------------
ရေချမ်းလည်း  အမျိုးသားသွေးဌာန အပေါက်ဝရောက်လာတော့ ခုနကစောင့်နေတဲ့ မိသားစုကို မတွေ့တော့ပါဘူး။ ရေချမ်းစိတ်ထင် သူတို့လိုတဲ့သွေး ရသွားပြီထင်တယ်။ သေချာအောင် သွေးထုတ်ပေးတဲ့ ဌာနထဲသွားပြီး မေးတော့ သူတို့လိုတဲ့သွေး တခြားမှာရလို့ သွားထုတ်ကြတယ်တဲ့။ ရေချမ်းက ခုနက သူလှုခဲ့တဲ့သွေးကို သူတို့အတွက် လှုမယ်ဆိုရင်ကောဆိုတော့
“သွေးကို ကျမတိုဌာနက သေချာအောင် ဓာတ်ခွဲစမ်းသပ်ပါသေးတယ်။ ရှင်တို့လှုထားတဲ့သွေးတွေ တဆင့်ပြန်လှုလို့ရပြီဆိုတော့မှ ကျမတို့ဆီက ပြန်ထုတ်ပေးပါတယ်။”
ဘာပဲဖြစ်ဖြစ်လေ ရေချမ်းတစ်ယောက်  အမျိုးသားသွေးဌာနလေးမှအထွက် သွေးလိုလို့စောင့်နေတဲ့ မိသားစု သွေးရသွားလို့ စိတ်ပျော်သွားသလို၊ လာတုန်းက မလှုချင်ပေမယ့်လဲ သူတို့မိသားစု ဖြစ်အင်လေးကို အမှတ်တမဲ့ သိရှိလိုက်ရာမှ သွေးလှုချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ကြိုတင်စီစဉ်မှု မရှိထားတဲ့ကြားက မွန်မြတ်တဲ့ အလှုတစ်ခုကို ကမ်းဆင့်လှမ်းလင့်လိုက်ရလို့ ထိုမိသားစုလေးကိုရော၊  အမျိုးသားသွေးဌာနကို လမ်းပြခေါ်ဆောင်လာတဲ့ မဒမ်ချမ်းကိုရော ဤစာစုလေးနဲ့ ကျေးဇူးတင်ပါတယ်။
ချမ်းလင်းနေ
www.chanlinnay.blogspot.com
Related Posts Plugin for WordPress, Blogger...
Click to go to top